စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ငါး ရွာမှ ဒေသခံ ၃၀၀ ကျော်သည် ပျူစောထီးအဖွဲ့များသို့ ဖိအားပေးအဖွဲ့၀င်ခိုင်း မှုများကြောင့် ဝင်ရောက်လိုခြင်းမရှိ၍ ထွက်ပြေးတိမ်းရှောင်နေသည်မှာ အချိန်ကြာမြင့်လာသည့်အတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်များကိုကူညီပေးနေသည့် အဖွဲ့များထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကြီးစိုးနေသည့် ကျေးရွာငါးရွာမှ ဒေသခံများသည် အဖွဲ့တွင်းသို့မ၀င်လိုသည့်အတွက် နေရပ်စွန့်ခွာတိမ်းရှောင်လာသည်မှာ ခုနစ်လ နီးပါးကြာမြင့်နေပြီဖြစ်သည့်အတွက် အစားအစာ၊ ဆေးဝါးနှင့် သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
“ရွာကထွက်ပြေးလာကြတာမို့ နေထိုင်ဖို့ ခက်ခဲတယ်။ အကုန်လုံးက တောထဲ တောင်ထဲမှာ နေနေရတာ။ ရေတွေလည်းမသန့်ဘူး။ ရွာကိုလည်းပြန်လို့မရနဲ့။ အတော်ဒုက္ခဖြစ်နေတယ်။ ရေရှည်ကျတော့အခက်အခဲတွေ ဖြစ်လာတယ်” ဟု ကန့်ဘလူနယ်မှ စစ်ရှောင်များ ကို ကူညီပေးနေသည့်သူတစ်ဦးက ပြောသည်။
ကန့်ဘလူနယ်ရှိ ကျေးရွာများထဲမှ ဦးဝါသ၀ဦးဆောင်ဖွဲ့စည်းထားသည့် ပျူအဖွဲ့များကြီး စိုးနေသည့်ဆည်ကြီး၊ အင်ကြင်းမြိုင်၊ အင်ကြင်းစု၊ မြိုင်သာယာ၊ ပေးကုန်း(တောင်) စသည့်ကျေးရွာများမှ ဒေသခံများသည် ပျူအဖွဲ့ထဲ မ၀င်ရောက်လိုသည့်အတွက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာထဲကို ပျူအဖွဲ့တွေ ၀င်လာတယ်။ ပြီးတော့ပျူစောထီးလုပ်ဖို့ လူလိုက်ခေါ်တယ်၊ စည်းရုံးတယ်။ သူတို့ကို မထောက်ခံဘူး၊ မလုပ်ချင်ဘူးဆိုရင် ရွာထဲမနေနဲ့ဆိုပြီး မောင်းထုတ်တယ်။ မလုပ်ချင်တဲ့သူတွေက အခုလို စစ်ရှောင်တွေရှိတဲ့နေရာကို လာခို ရတာပေါ့။ အခြားရွာတွေကလည်း မလုပ်ချင်ပေမယ့် သွားစရာမရှိတော့ ပျူ ၀င်လုပ်နေကြရတာပေါ့”ဟု ထွက်ပြေးတိမ်းရှောင်ရာတွင်ပါဝင်သည့် ရွာခံအမျိုးသား တစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ် ခမရ (၃၆၁)၊ (၃၆၈)နှင့် ပျူအဖွဲ့များမှ စစ်ကြောင်းခွဲ၍ ကန့်ဘလူနယ်ကို အင်အားအများအပြားဖြင့် ၀င်ရောက်မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေ သည့်အတွက် စစ်ရှောင်ဦးရေ ပိုမိုများပြားလာပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဖိအားပေးခြိမ်းခြောက်မှုများ၊ ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီမှ ကျေးရွာများကို ၀င်ရောက်မီးရှို့နေမှုများကြောင့် ကန့်ဘလူနယ်ရှိ နေရပ်စွန့်ခွာထွက် ပြေးတိမ်း ရှောင်နေ ရသူ ဒေသခံတစ်သိန်း(၁၀၀,၀၀၀)ကျော်ရှိကြောင်း စစ်ရှောင်များအား ကူညီပေးနေသည့် အဖွဲ့များထံက သိရသည်။