စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ Non-CDM ဝန်ထမ်း မြေတိုင်း ၄ ကျော်မျိုးထွေးကို PDF တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးသွားခဲ့ရာ ထိုသို့ ဖမ်းဆီးခံရမှုသည် မိန်းမထံပြန်၍ ဖြစ်ရခြင်း ဖြစ်သည်ဖြင့် တာဝန်မယူကြောင်း အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီး မင်းနောင်က မှတ်ချက်ပေး ကြောင်း သိရှိရသည်။
ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှ Non-CDM ဝန်ထမ်း မြေတိုင်း ၄ ကျော်မျိုးထွေးသည် မိသားစုရှိရာ ချပ်သင်းကျေးရွာသို့ ပြန်သွားခဲ့ပြီး ည ၉ နာရီအချိန်တွင် PDF အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ယင်းအတွက် ဇနီးဖြစ်သူက သက်ဆိုင်ရာသို့ အကြောင်း ကြားရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မင်းနောင် က မိန်းမထံပြန်၍ ဖမ်းခံရသဖြင့် တာဝန်မယူဘဲ ကာယကံရှင်၏ တာဝန်သာ ဖြစ်သည်ဟု မှတ်ချက်ပေးကြောင်း သိရှိရသည်။
မြေတိုင်း ၄ ကျော်မျိုးထွေး အဖမ်းခံရမှုအပေါ် ဝန်ကြီး မင်းနောင်က “ကိုယ်ချင်း စာပါသည်။ သို့သော် ကန့်ဘလူတွင် မနေဘဲ ချပ်သင်းသို့ ပြန်ခြင်းဖြစ်၍ ကာလ ကြာရှည် အားလုံးသိနေ၍ ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်၊ မိမိကိုယ် မိမိ အသိ၊ သတိဖြင့် မနေဘဲ သောကြောနေ့ မိန်းမထံ ပြန်ခြင်းဖြစ်၍ ကာယကံရှင်၏ တာဝန်သာဖြစ်၊ အကြိမ်ကြိမ် သတိပေးမှာကြားပြီးဖြစ်၊ DG များအားလုံါ် လက်အောက်ကို ထိထိမိမိ ရှင်းရှင်းလင်းလင်း တစ်ချက်ချင်းရေးသား၍ လိုက်နာရမည့် အချက်များ စာဖြင့် ပေးပို့ညွှန်ကြားပါ” ဟု မှတ်ချက် ပေး ထားကြောင်း သိရှိရသည်။
မင်းနောင် သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးအဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ် ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ် သည်။
စစ်ကောင်စီက ဝန်ကြီးဌာနများတွင် Non-CDM ဝန်ထမ်းများ လုံခြုံရေး အခြေအနေအရ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များလိုက်နာရန်၊ ဝန်ထမ်းအိမ်ရာတွင်သာ နေရန်၊ သတင်းပေးပို့ ခရီးသွားရန်၊ ရုံးတက်ရုံးဆင်းချိန် အတွင်း တာဝန်မှအပ ပြင်ပ မထွက်ရန်၊ နယ်မြေလုံခြု့ရေးအခြေအနေအရ ယူနီဖောင်းဝတ်သွားလာခြင်းမျိုး ရှောင်ကြည်ရန် ၊ လက်နက်ကိုင်အဖွဲ့က ခြိမ်း ခြောက်လာပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
“Non-CDM တွေကို ကိုယ့်ဘေးကိုယ်ရှောင်။ မရှောင်နိုင်လို့ အသတ်ခံရရင် အဖမ်းခံရရင်လည်း တာဝန်မယူဘူးလို့ မှာထားပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံ ဘယ်မှ မထွက်နဲ့ဆိုပြီးလည်း သက်ဆိုင်ရာ ဌာနအကြီးအကဲတွေက လစဉ် အစည်းအဝေးခေါ်ပြောနေတာတွေလည်း ရှိပါတယ်” ဟု နေပြည်တော်မှ ဝန်ကြီးဌာနတစ်ခုမှ ဖရဲသီးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။