စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ချောင်းခြားကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ချောင်းခြားရွာ၊ ဖလားရရွာ၊ အင်းမရွာ၊ ရှမ်းကုန်းရွာ၊ ပင့်သာရွာနှင့် မကျီးကုန်းကျေးရွာမှ ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းခြားကျေးရွာကို ရောက်ရှိချိန်၌ ကန့်ဘလူခရိုင် PDF တပ်ရင်းများ၊ ဒေသခံတော်လှန်ရေးအင်အားစုများက သွားရောက်ပစ်ခတ်ခဲ့ကြပြီး အကြမ်းဖက်စစ်သားများဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း၊ ဖလားရကျေးရွာကို အကြမ်းဖက်စစ်တပ်က ရောက်ရှိချိန်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်း နံနက် ၆ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဖလားရရွာမှ ထွက်ခွာ၍ ပင့်သာ ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပင့်သာမှ တစ်ဆင့် မြောက်ဘက်မှ ဦးတည်ထွက်ခွာသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။