စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကိုးတောင်ဘို့တိုက်နယ်မှာ ဩဂုတ်လဆန်းကစပြီး ဒီနေ့အထိ နှစ်ပတ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၃ဦး မြွေဆိုးကိုက်ခံရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က သိရပါတယ်။
ပြီးခဲ့တဲ့ရက် ဩဂုတ်လ ၁၁ ရက်နေ့က ကိုးတောင်ဘို့တိုက်နယ် မိဿလင်ကုန်းကျေးရွာမှာ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အင်းပုတ်ကျေးရွာက အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးတို့ဟာ လယ်တောသွားရင်းမြွေဆိုးကိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီစစ်ရှောင် ပြည်သူနှစ်ဦးကို အချိန်မှီဆေးကုသမှုခံယူခဲ့ရလို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၅ ရက်နေ့ကလည်း ကိုးတောင်ဘို့တိုက်နယ်၊အလယ်ခုံရွာက အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးမြွေဆိုးကိုက်ခံရလို့ မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး (၁၂)လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး (၈)လုံးထိထိုးနှံကုသပေးခဲ့ရပြီး အခုအခါ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ဆိုပါတယ်။
ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာအတော်များများမှာ ကိုးတောင်ဘို့အထိုင် အကြမ်းဖက်စစ်ကြောင်းက စစ်ကြောင်းထိုးအကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေကို မကြာခဏခံရတာကြောင့် နီးစပ်ရာတောထဲတဲတိုက်တွေမှာသာ အမြဲစစ်ရှောင်အဖြစ်တဲထိုးနေထိုင်နေကြရတာ တစ်နှစ်ကျော်မျှကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် စစ်ကြောင်းအန္တရာယ်နဲ့ မြွေဆိုးအန္တရာယ်တွေကြားမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေကြရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က သိရပါတယ်။