စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ လာရောက် ပစ်ခတ်မှုများ ပြုလုပုနေသည့်အတွက် ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။
မေလ ၇ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်မှ စ၍ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာများ၊ ရဟတ်ယာဉ်များနှင့်ပါ လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီမနက် ၈ နာရီ ၁၀ မိနစ်လောက်က ရဟတ်ယာဉ် နဲ့ ၄ ပတ် ရွာကို ပတ်ပစ်သွားတာ၊ ဂျက်ဖိုက်တာနဲ့ရော လာပစ်သွားတယ်။ ခုတော့ ပြန်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်အထိ ပြည်သူများမှာ တိမ်းရှောင်နေဆဲ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။