စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပင်ရွာမရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးကြောင်း ကန့်ဘလူ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် သပြေသာ ၊ဖိုလ်ကုန်း ၊ကျောင်း ကုန်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ ရင်ခတ်ကုန်း၊ ကိုးမြို့၊ ညောင်ပင်ရွာမ စသည့်ကျေးရွာပေါင်း ၈ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၊အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီ ပူးပေါင်း အင်အား ၃၀ ခန့်က ညောင်ပင်ရွာမရွာကို ယနေ့ နံနက် ၁၀ နာရီအချိန် ဝင်ရောက်၍ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။
“ စစ်ကြောင်းပြန်ထွက်သွားပြီလို့ကြားနေရတယ်။ အတည်မပြုနိုင်သေးဘူးဖြစ်နေတယ်” ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ရွာမရွာကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ပထမအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၁ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း ဒုတိယအကြိမ် အဖြစ် ထပ်မံ မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။