ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ဒေသခံများထံပေးခဲ့သည့် စားကျက်မြေဧက ၅၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေကျော်ကုန်းကျေးရွာရှိ တစ်လကြာမြေယာအငြင်းပွားမှုဖြစ်ပွားနေသည့် စားကျက်မြေ ဧက ၅၀ ကျော်ကို စစ်တပ်နှင့်ထွေအုပ်မှ နိုင်ငံပိုင်မြေဟုဆိုကာ အတင်းအကျပ်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။
“ကျေးရွာ စားကျက်မြေကို နှစ်ဖက်ရွာသားတွေလုကြရင်းနဲ့အငြင်းပွားကြတာပေါ့။ ကျေးရွာလယ်စီဘက်ကလည်း ရှင်းပေးနေရတာတစ်လလောက်ရှိပြီ။ မြေယာအငြင်းပွားဖြစ်နေတာကကရေကျော်ကုန်းနဲ့ မန္တလေးကုန်းကျေးရွာကြားက စားကျက်မြေနေရာပေါ့။ ဧက ၅၀ ကျော် လောက်ရှိတယ်။ အဲ့တာကို မြို့နယ်ထွေအုပ်နဲ့ စစ်တပ်တွေ ဆင်းလာပြီးတော့ နိုင်ငံပိုင်မြေဆိုပြီးအတင်းဝင်သိမ်းသွားတာ။လယ်ဆည်ဌာနကိုအသိမပေးပဲသူတို့သဘောနဲ့သိမ်းလိုက်တာ” ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
ထို့အပြင် ဒေသခံလယ်သမား၂၀ ဦးမှစားကျက်မြေကိစ္စ အပြီးသတ်ဖြေရှင်းနိုင်ရန်မြို့နယ်ထွေအုပ်ရုံးထံ ဇူလိုင်လ ၆ ရက်နေ့၌ လက်မှတ်ထိုးတောင်းဆိုနေစဥ် အဆိုပါစားကျက်မြေ ဧက ၅၀ ကျော်ကို သိမ်းယူခဲ့သဖြင့် ဒေသခံများအတွက် ကျွဲ၊ နွား ကျောင်းရာ၌ အခက်ကြုံနေရကြောင်း ရေကျော်ကုန်းဒေသခံများထံမှသိရသည်။
” နှစ်ဖက်ပြဿနာဖြေရှင်းပေးဖို့စာတင်တောင်းဆိုနေတုန်း စစ်တပ်ကထွေအုပ်နဲ့ပေါင်းပြီးတမင်ဝင်သိမ်းသွားတာ။ ဒီမြေကဘာမှလုပ်လို့ရမဟုတ်ဘူး။ရေနစ်ကွင်းကြီး။ ကားလမ်းမနဲ့တော့နဲနဲနီးတယ်။ အခုစားကျက်မြေမရှိတော့ကျွဲတွေနွားတွေကျောင်းဖို့ဒုက္ခရောက်ကုန်တယ်” ဟု ရေကျော်ကုန်းကျေးရွာဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကန်ကြီးထောင့်မြို့နယ်၊ ဘုရားချောင်းအုပ်စု၊ရေကျော်ကုန်ကျေးရွာနှင့် မန္တလေးကျေးရွာကြားရှိ ကျွဲတလင်းစားကျက်ကွင်းနေရာရှိဧက ၅၀ ကျော်ကို ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၄ ခုနှစ်၌ စားကျက်မြေအဖြစ်သတ်မှတ်ကာ ပြည်ထဲရေးဝန်ကြီးဌာနထံသို့လွဲပြောင်းပေးခဲ့ကြောင်းကျေးရွာဒေသခံများထံမှသိရသည်။