ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကနေ ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ ကန်နီကြီး စစ်ရှောင်စခန်းမှာ ၂ နှစ်ကျော် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။
ကန်နီကြီး စစ်ရှောင်စခန်း (၁) မှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၇၀ ဝန်းကျင် နေထိုင်ကာ အလုပ်လုပ်ကိုင်လိုပေမယ့် စစ်ဘေးရှောင်နေရတဲ့ အတွက် ကိုယ်ပိုင်မြေ မရှိလို့ ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ လိုအပ်တာက “ဆ” လေးလုံးပေါ့။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး ပေါ့နော်။ စားနပ်ရိက္ခာက နေ့ရက်တိုင်း စားသောက်နေရတော့ မရှိမဖြစ်ပါပဲ။ မိုးကာလည်း လိုအပ်မှု ရှိတာပေါ့နော်။ မိုးကာ ပေါက်ကုန်တာတွေလည်း ရှိတယ်။ လိုအပ်တာတွေ ကတော့ အများကြီးပဲပေါ့နော်” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင် စခန်းမှာ စာသင်ကျောင်း ဖွင့်လှစ်ထားပြီး စခန်း (၁)၊ (၂)၊ (၃) က ကလေးငယ် ၁၂၀ ကျော်ကို KG တန်းကနေ Grade-9 အထိ ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင် ပြည်သူ အများစုဟာ ပြည်တွင်း ပြည်ပက အလှူရှင်တွေရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။