ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ထန်းတပင်လမ်းနဲ့ ဇေယျာသီရိလမ်းဆုံရှိ တိုက်ခန်းကို ဇွန်လ ၁၆ ရက်၊ ည ၁၀ နာရီကျော်က ဧည့်စာရင်း ဝင်စစ်ပြီး အဆောင်နေ လူငယ်တွေရဲ့ မှတ်ပုံတင်တွေကို စစ်တပ်က သိမ်းသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဆိုပါ တိုက်ခန်းကို စစ်ကား Dc တစ်စီး၊ Saloon ကား တစ်စီး၊ စစ်သားနဲ့ ရဲအင်အား ၁၀ ဦး ဝန်းကျင်နဲ့ လာရောက် အော်ဟစ် သောင်းကျန်းကာ ဧည့်စာရင်းစစ်ပြီးနောက် မှတ်ပုံတင် တချို့ သိမ်းဆည်းသွားပြီး မြို့နယ် ထွေအုပ်ရုံးမှာ လာရွေးဖို့ ပြောသွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
“သူတို့ ဝင်လာမှန်း သိအောင် လုပ်တဲ့ သဘောမျိုးပေါ့ဗျာ။ အော်ဟစ်ပြီးတော့ သောင်းကျန်းပြတဲ့ ပုံစံပါ။ ဧည့်စာရင်း တိုင်ဖို့ အော်ပြောနေတာ ကြားတယ်။ သူတို့ရောက်နေမှန်း လူတွေသိတော့ ဓါတ်ပုံရိုက်ခံရမှာလည်း ကြောက်သေးတော့ လမ်းထဲက အိမ်တွေလည်း လျှောက်ကြည့်နေကြသေးတယ်။ ကလေးတွေကလည်း အလုပ်လုပ်နေတဲ့ သူတွေ ဆိုတော့ ဘာပြန်ပြောရဲမလဲ။ ထွေအုပ်ရုံးက ကောင်တွေ ထောမှာ။ ပိုက်ဆံမပေးနိုင်တဲ့ သူကတော့ အရစ်ခံရပြီး ဒဏ်တပ်မှာ” လို့ သူကပြောပါတယ်။
စစ်တပ်က အဆိုပါ တိုက်ခန်း အဆောင်များကို ပစ်မှတ်ထားကာ အော်ဟစ် စစ်ဆေးခဲ့ပြီးနောက် ည ၁၁ နာရီ ဝန်းကျင်မှာတော့ ထန်းတပင် ဘုန်းကြီးကျောင်းလမ်းဘက်မှ လှည်းတန်း လမ်းမဘက်သို့ ပြန်လည် ထွက်ခွါသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
အခုလပိုင်း အတွင်း ကမာရွတ်မြိုနယ်မှာ ရှောင်တခင် ဧည့်စာရင်းစစ်တာ၊ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းစစ်ဆေးတာ တွေကို စစ်တပ်က အရှိန်မြှင့် လုပ်နေပြီး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး ငွေညှစ်မှုတွေ နေ့စဉ် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။