ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ တိုက် (၂၄၊) ဝိသုဒ္ဓိ ဘုန်းကြီးကျောင်းရှေ့၊ အုပ်ကြီး တိုးအောင်ရဲ့ မိန်းမဖွင့်ထားတဲ့ အကြော်ဆိုင်ရှေ့မှာ သားဖြစ်သူ သုဝေမောင် ဆေးလွန် ရှော့ခ်ဖြစ် သေဆုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
သုဝေမောင် ဟာ မူးယစ်ဆေး အရောင်းအဝယ် လုပ်နေသူဖြစ်ပြီး ကိုယ်တိုင် ဆေးသုံးကာ ဒီကနေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်က အမေဖြစ်သူ အကြော်ဆိုင်ရှေ့မှာ ရုတ်တရက် ရှော့ခ်ဖြစ် လဲကျ သေဆုံးတာဖြစ်ပြီး အဆိုပါ အချိန် စစ်တပ်က ရပ်ကွက်အတွင်း ကင်းပတ်နေတယ်လို့ သိရပါတယ်။
“ဆေးလွန်ပြီး သေတာပါ။ ဒီကောင်က ရောင်းတယ်၊ သုံးတယ်။ အဖေက အုပ်ကြီး ဖြစ်နေတာ ဆိုတော့ ပါမစ်ရနေတာ။ ကမာရွတ်မြို့နယ်ထဲမှာ ဘိန်းစားဖြစ်နေတဲ့ အုပ်ကြီးသားတွေ ရှိသေးတယ်။ ခုအုပ်ကြီးကတော့ လုပ်မယ့်သူ မရှိလို့ စစ်တပ်က တင်ထားတဲ့ကောင်။ သူ့ရှေ့က အေးသန်း ကတော့ ကိုဗစ်မှာ သေသွားပြီ။ ခုလုပ်နေတဲ့ ကောင်တွေ အကုန်လုံးက စစ်တပ်က လူတွေကြီး လုပ်နေတာ။ အလောင်းကိုတော့ ဒီအတိုင်း သေသလို လုပ်ဖို့ သယ်သွားကြပြီ” လို့ မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက ပြောပါတယ်။
အမှတ် (၇) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာနေ အုပ်ကြီးတိုးအောင်ကို ကောင်းမြင့်သူ ဦးဆောင်တဲ့ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ခန့်ထားတာဖြစ်ပြီး နောက်လိုက် ကြံ့ဖွံ့ အမာခံ သန်းဝင်းအေးနဲ့ ဆင့်ဆင့်မာ တို့က ရပ်ကွက် ကိစ္စတွေမှာ စစ်ကောင်စီ အလိုကျ လုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၉ ရက်၊ မနက် ၁၁ နာရီကျော်ကနေ မွန်းတည့် ၁၂ နာရီကျော်အထိ စစ်ကား တစ်စီးနဲ့ (၇) ရပ်ကွက်၊ သီရိမင်္ဂလာ လမ်းသွယ် (၆) ဘေးရှိ ခြံဝင်းရှေ့မှာ စက်ဘီးနဲ့ Delivery သမားတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။