ကမ္ဘောဇဘဏ်များက ATM စက်မှ ငွေသားထုတ်ယူခွင့် ပိတ်လိုက်ပြီး Kpayထဲမှ ငွေထုတ်ယူလိုပါက ကျပ် ဆယ်သိန်းကျပ်လျင် ၈၀၀၀ ကျပ်ပိုယူ၍ မှတ်ပုံတင်ဖြင့် ငွေထုတ်ပေးနေသည်။
” ATM စက်ကို ပိတ်လိုက်ပြီ။ ဘဏ်ထဲဝင်ပြီး မှတ်ပုံတင်နဲ့ ထုတ်ရတယ်။ ၅သိန်းကို ၄၀၀၀ ပေးရတယ်။ ဆယ်သိန်းကို၈၀၀၀ ပိုပေးရတယ်” ဟု ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ္ဘောဇ ဘဏ်တွင် ယနေ့(ဇူလိုင် ၉ ရက်) ငွေထုတ်ခဲ့သူတစ်ဦးကပြောသည်။
Kpay မှ ငွေထုတ်ယူမှုပိတ်ပင်ခြင်းကို KBZ ဘဏ်များအားလုံး၌ ပြုလုပ်လိုက်ခြင်းဟု ယင်းဘဏ်နှင့်နီးစပ်သူကပြောသည်။
“ဘဏ်အပ်ထားသူတွေကသာ မျက်စိပျက်မျက်နှာပျက်နဲ့ ဖြစ်နေတာ။ ဘဏ်ဝန်ထမ်းတွေက ဘဏ်ထဲ တဟီးဟီး တဟားဟားတွေ့ရတယ်။ ဘဏ်မန်နေဂျာနဲ့ ဘဏ်ဝန်ထမ်းတသိုက်က ပြည်သူတွေဆီက ဆယ်သိန်းကျပ်တိုင်း ၈၀၀၀ နှုန်းနဲ့ ခိုးနေတာ”ဟု Kpay အသုံးပြုသူတစ်ဦးကပြောသည်။
ATM ကဒ်ဖြင့် Kpay မှငွေ ထုတ်ယူလိုသူသည် ယခင်ကကဲ့သို့ ATM စက်တွင် အလွယ်တကူထုတ်ယူ၍ မရတော့ပေ။
စစ်ကောင်စီက အိမ်ယာချေးငွေများကို သတ်မှတ်ချက်ထုတ် ပိုထုတ်ချေးပေးသည်ဟုဆိုကာ ပြည်တွင်းဘဏ် ၇ ခုကို ဇူလိုင် ၁ ရက်တွင် အရေးယူမည်ဟုထုတ်ပြန်ပြီးနောက် ဘဏ်များတွင် ငွေသားထုတ်ယူမှုပိုမိုများပြားလာသည်။ ထို့နောက်ပိုင်းတွင် ဘဏ်များမှ ငွေထုတ်ယူမှုကို ကန့်သတ်လာခြင်းဖြစ်ပြီး ငွေထုတ်ယူလိုသောပြည်သူများအခက်တွေ့နေသည်။ ထို့အပြင် ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူလျင် တစ်ပါတ်တစ်ကြိမ် တစ်ကြိမ်လျင် အများဆုံးကျပ်သိန်း ၂၀ အထိသာ ထုတ်ခွင့်ပြုနေ သည်။