မကွေးတိုင်း၊ ပခုက္ကူခရိုင်မြို့နယ်၊ ကမ္မမြို့မှ ပေါက်မြို့နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်အုပ်စုထိခိုက်မှုရှိကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယနေ့ (ဇူလိုင်လ ၁၅ရက်) နံနက် ၉ နာရီခန့်က ကမ္မမြို့မှပေါက်မြို့သို့ ထွက်ခွါလာသော စစ်ကောင်စီကား (၁)စီးနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖတပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်ကအများအပြား ထိခိုက်မှုရှိနိုင်ကြောင်း ပခုက္ကူပကဖအဖွဲ့က ဆိုသည်။
“ခြေလျင် ၂၀ ဝန်းကျင်၊ ကားပေါ်လည်း ပါပါတယ်။ကင်းပုန်းလည်း ၂၀ လောက် ရှိမယ်။တစ်လုံးချင်းကို တချိန်တည်း ချတာပါ။ကင်းပုန်းကို အရင်ချပြီး စစ်ကားအတော်နီးချိန်ကျမှ ကားကိုနောက်မှချတာပါ။ စကစတွေထိခိုက်တယ်လို့သိရတယ်။”ဟု ပခုက္ကူပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ဆက်ထွက်လာသည့် စစ်အုပ်စုကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပျက်စီးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာ သွားရောက်တိုက်ခိုက်ရာ ဘန်ကာအတွင်းရှိ ရဲတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း People`s Defense Force – Kammaက ထုတ်ပြန်ထားသည်။