ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်မှာ အလစ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်မှာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက လာရောက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး နာရီဝက်ခန့်အကြာ လက်နက်ကြီးအသံနဲ့ စက်သေနတ်ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံကဆိုပါတယ်။
“ဖြစ်ဖြစ်ချင်း ၁၅ မိနစ်လောက်ကတော့ ဆက်တိုက်ပစ်တာ။ ကမ်းနားကစျေးသည်တွေတောင် မြို့သိမ်းတိုက်ပွဲဖြစ်ပြီထင်ပြီး အကုန်ပြန်ပြေးလာကြတယ်” လို့ ကမြောကင်းရွာခံတစ်ဦးကပြောပါတယ်။
အလစ်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က သုံးဦးခန့်ထိခိုက်သေဆုံးမှုရှိတယ်ဆိုပြီး ကြားရတယ်လို့ ဒေသခံကဆိုပါတယ်။
အခုတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာတော့ ကမြောကင်းတံတားရဲ့ တဖက်တချက်စီမှာရှိနေတဲ့ လမ်းသွားလမ်းလာနဲ့ စျေးသည်တွေ ပိတ်မိနေကြတယ်လို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။
ကမြောကင်းတံတားကိုတော့ မနက် ၅ နာရီလောက်မှာပြန်ဖွင့်ပေးလိုက်ပေမဲ့ အခုမနက်ပိုင်းမှာ ဖြတ်သန်းသွားလာသူ နည်းပါးနေသေးတယ်လို့ ဒေသခံကဆိုပါတယ်။
ကမြောကင်းတံတားဟာ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကို ဆယ်သွယ်ထားတံတားဖြစ်ပြီး တနင်္သာရီတိုင်းဝန်ကြီးအိမ်ရာနဲ့ မိုင်ဝက် ခန့်သာအကွာအဝေးရှိပါတယ်။
စစ်ကောင်စီတပ်ကဟာ အာဏာသိမ်းပြီးနောက် ကမြောကင်းတံတားထိပ်မှာ ဂိတ်စခန်းဆောင်လုပ်ပြီး မြို့အဝင်အထွက်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေလုပ်ဆောင်နေတာပါ။ စစ်ဆေးရေးဂိတ်အပေါ်က ဘုရားတောင်ကုန်းမှာလည်း ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့အခိုင်အမာတပ်စွဲထားပါတယ်။
မနေ့ကတော်လှန်ရေးနေ့မှာလည်း ထားဝယ်အခြေစိုက် စကခ (၈) ထဲကတပ်ရင်းတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်၊ ထားဝယ်မြို့နယ် ဇဟာအမြောက်တပ်က စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရတဲ့ဖြစ်စဥ်နဲ့ သရက်ချောင်းမြို့နယ် ဝင်းဝရွာက စစ်ကောင်စီစခန်းကုန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။