ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တာ ကြာနေပြီဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူ လူငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေ မက်ခွင့်ရအောင်လို့ စက်တင်ဘာ လကစပြီး တလကျော်ကြာ အခြေခံဘောလုံးသင်တန်းကို ဒုတိယအကြိမ်မြောက် သင်ကြားပေးခဲ့တယ်လို့ Ka Nyar Maw Foundation– KNMF တာဝန်ရှိသူ မော်ရိရီက ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ မွန်းကြပ်နေတဲ့ အခက်အခဲတွေကြား ကိုယ့်ရဲ့အိပ်မက်တွေနဲ့လည်း ထွက်ပေါက်ရှာလို့ရတယ်။ အိပ်မက်တွေလည်း ဆက်မက်ခွင့်ရှိတယ် ဆိုတာ သိစေချင်တယ်။ သူတို့ကို ကျောင်းပြင်ပချိန် ဘောလုံးသင်တန်းပေးမယ် ပြောကတည်းကကို အရမ်းပျော်ကြတယ်။”
အမည်မဖော်လိုတဲ့ စစ်ရှောင်စခန်းတခုက အလယ်တန်းနဲ့ အထက်တန်းပညာ သင်ကြားနေကြတဲ့ ကျောင်းသူ/ကျောင်းသား လူငယ်ပေါင်း အယောက် ၈၀ ကျော်ကို ဘောလုံးပညာ သင်ကြားပေးနေတာလို့ ဆိုပါတယ်။
ကျောင်းစာအပြင် စိတ်ထွက်ပေါက်လည်းရပြီး အချိန်ကာလကြာ စစ်ရှောင်နေရတဲ့ မွန်းကျပ်မှုတွေကို ကုစားပေးဖို့အတွက် တရက်တာ လှုပ်ရှားမှုအနေနဲ့ သီချင်းသီဆိုတာ၊ ကခုန်တာ၊ ဂိမ်းကစားတာ၊ အားကစားပြိုင်ပွဲတွေ ပြုလုပ်ပြီး ဆုပေးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူပေါင်း နှစ်သိန်းခွဲကျော်အထိရှိနေပြီး အသက်အရွယ် မပြည့်သေးဘဲ စစ်ဒဏ်ကို ခံစားနေရတဲ့ ကလေးငယ်တွေဟာလည်း ကြီးမားတဲ့ ရာခိုင်နှုန်းတခုအနေနဲ့ ပါဝင်နေပြီး စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လိုအပ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။