ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်တောင်ရွာကို စစ်ကောင်စီက မတ်လ ၂၂ ရက် က တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
နန်းတုတ်တောာင်ကျေးရွာကို မတ် ၂၂ ရက် ည ၁၁ နာရီ ၅၂ မိနစ်နဲ့ ၁၁ နာရီ ၅၈ မိနစ်တွေမှာ ၂ ကြိမ်တိုင်တိုင် တိုက်လေယာဉ်နဲ့ဗုံး ၁ လုံးစီကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် နန်းတုတ်တောင်ရွာ ဆေးခန်းအဆောက်အဦနဲ့ဆေးခန်းဘေးက နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နန်းတုတ်ကျေးရွာကို အရင်ရက်တွေက လက်နက်ကြီးနဲ့အကြောင်းမဲ့ ပစ်ခတ်တိုက်မှုတွေ ပြုလုပ်နေရာကနေ လေယာဉ်နဲ့ ဗုံးကြဲတာကိုမတ်လ ၂၂ရက် ညအချိန်ကမှ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
နန်းတုတ်ရွာဆေးခန်းဟာ လူထုနဲ့စစ်ရှောင်တွေကို ကုသပေးနေတဲ့ဆေးခန်းဖြစ်ပြီး ရွာမှာလည်း စစ်ရှောင်အများအပြား ခိုလှုံနေထိုင် လျက်ရှိတယ်လို့ သိရပါတယ်။
နန်းတုတ်၊ အိမ်မူ၊ ကုန်းသာ စတဲ့ကျေးရွာတွေမှာ ကရင်နီဘက်မှ စစ်ဘေးရှောင်လာသူ အများအပြားရှိနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီ က နန်းတုတ်ရွာကို ပစ်တဲ့ လက်နက်ကြီးကြောင့် ရွာသား ၁ ဦးဒဏ်ရာရကာ နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။