ကရင်နီတပ်ပေါင်းစုက က ၁၁.၁၁ စစ်ဆင်ရေးစတင်သော နိုဝင်ဘာ ၁၁ ရက်တွင်ပစ်ချနိုင်ခဲ့သော စစ်တပ်တိုက်လေယာဉ် K-8 မှ လေယာဉ်မှူးတစ်ဦးအား နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးနိုင်ပြီဖြစ် ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ကရင်နီတပ်ပေါင်းစုက ပွိုင့် ဖိုက် (Point -5 )ဖြင့်ပစ်ခတ်၍ တောင်ပံနှင့် ကိုယ်ထည်ထိပြီး ပျက်ကျခဲ့သော စစ်တပ်တိုက်လေယာဥ်မှ လေယာဥ်မှူးမှာ ၂ ဦးဖြစ်၍ ကျန်တစ်ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းမမိသေးပေ။
ထိုကြောင့် လေယာဥ်ပျက်ကျပြီး ၉ ရက်အကြာတွင်လေယာဥ်မှူးတစ်ဦးကို တော်လှန်ရေးအဖွဲ့များက စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
လေယာဥ်မှူး ဖမ်းမိသော၊ ပြောင်ရွေ့ဖမ်းဆီးထားသောတည်နေရာများကို ပြောပါက စစ်ကောင်စီတပ်က လေကြောင်းမှ လာ၍ ဗုံးကျဲ နှုတ်ပိတ်မည့်အန္တရာယ်ရှိ၍ အသေးစိပ်ကိုမပြောနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း”မနေ့ က မိတာ။ထိန်းသိမ်းထားတယ်။ဒီ လောက်ပဲ သိနိုင်ခွင့်ပြုကြပါ”ဟုပြောသည်။
စတိုက်လေယာဥ်မှူးမှာ အသက် ၄၃ နှစ်အရွယ်ရှိသော ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ကာ စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်ကြောင်း Myanmar Now က ဖော်ပြထား သည်။
ပစ်ချခံရသည့် တရုတ်နိုင်ငံထုတ် K-8 အပေါ့စားတိုက်လေယာဥ် မှ လေထီးဖြင့် ခုန်ထွက်ခဲ့ပြီး ထွက်ပြေးနေသော လေယာဥ်မောင်း ၂ ဦး၏ လေထီးနှင့် အသုံးအဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်တွင်တွေ့ရှိခဲ့သည်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တိုက်လေယာဉ်သည်ပစ်၍ထိခြင်းမဟုတ်ဘဲ လေကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းငြင်းဆိုခဲ့သည်။
ထိုကြောင့် ကရင်နီတပ်ပေါင်းစုက ပွိုင့် ဖိုက်စက်သေနက်ဖြင့် တိုက်လေယာဥ်ကို ပစ်ခတ်မှု ၊လေယာဥ်မီးခိုးထွက်ပြီး ပျံသန်းသွားသောရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။
ထိုအပြင် တိုက်လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို လေယာဥ်ပျက်ကျပြီးနောက်တစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်၌ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီ ရွာကြား တောင်ယာတဲအနီး တွေ့ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဓါတ်ပုံများနှင့်တစ်ကွ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီက မြေပြင်တိုက်ပွဲများတွင် အထိနာလာပြီးနောက်လေကြောင်းကိုသာအားကိုး၍ ဗုံးကျဲတိုက်ခိုက်အကြမ်းဖက်ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ၍သေဆုံးဒဏ်ရာရခဲ့သည်။