ကရင်နီပြည်နယ်က တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်ကောင်စီကို ရင်ဆိုင် တိုက်ခိုက်နေစဥ် ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး အရ သွေးခွဲသပ်လျှိုမှုတွေကို စုစုစည်းစည်းနဲ့ တွန်းလှန် တိုက်ခိုက်ရမဲ့ အချိန်ဖြစ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP က ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီ အမျိုးသား ခုခံရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်ကစပြီး ဖဆပလ အစိုးရနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာဖြစ်ကာ ခေတ်အဆက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
၇၅ နှစ်တိုင် တော်လှန်ရေး ကာလ တစ်လျှောက်မှာ ကရင်နီတော်လှန်ရေး အင်အားစုတွေဟာ တော်လှန်ရေး ခရီးကြမ်းမှာ အနိမ့်အမြင့်များစွာ ကြုံခဲ့ရတယ်လို့ KNPP က ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ကရင်နီ ပြည်သူတွေဟာ စစ်ကောင်စီကို ရရာလက်နက် စွဲကိုင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကရင်နီပြည်နယ် အတွင်းက လူဦးရေ လေးပုံသုံးပုံ (လူဦးရေ ၂ သိန်းကျော်) ဟာ စစ်ဘေး တိမ်းရှောင် နေရပါတယ်။
လက်ရှိ တော်လှန်ရေး အားကောင်းတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်တပ်က သတ်ဖြတ်လို့ ပြည်သူ ၄၀၀ ကျော်သေဆုံးခဲ့ရပါတယ်။
ဒီလို ဆင်းရဲဒုက္ခတွေကို ချုပ်ငြိမ်းနိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ လိုအပ်ပြီး ကရင်နီ ပြည်သူလူထုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားရေး တန်းတူညီရေး စတဲ့ အချက်တွေကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စုစုစည်းစည်း အကောင်အထည် ဖော်သင့်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။