ကရင်နီပြည်နယ်နဲ့ ရက္ခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်းမှာ ၁၉နှစ်ဝန်းကျင် ပြည်သူ့ကာကွယ် ရေးရဲဘော် ၃ဦး မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲအတွင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကယား-ကရင်နီစစ်ဒေသခွဲဖြစ်တဲ့ တပ်ရင်း – ၁၁၀၁က ရဲဘော်တစ်ဦးနဲ့ တပ်ရင်း-၁၁၀၇က ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တယ်လို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ရင်း ၁၁၀၁က ထုတ်ပြန်ပါတယ်။
အဆိုပါ တပ်ရင်း-၁၁၀၁က ကျဆုံးရဲဘော် ဖတ်ရီ(ခ)ရွှေစောင်းဟာ မေ ၁၁ရက်က လွိုင်ကော်အကျဉ်းထောင်ဘေးမှာ ကင်းတာဝန်အလှည့် ကျချိန်မှာ ကျဆုံးသွားတာဖြစ်ပြီး ရဲဘော်ကောရီ ကတော့ ကျဆုံးသွားတဲ့ သူငယ်ချင်းဖြစ်တဲ့ ဖတ်ရီ(ခ)ရွှေစောင်းရဲ့ အလောင်းကို ပြန်လည်ရယူဖို့ကြိုးစားရင်း မေ ၁၂ရက်မှာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဖတ်ရီ(ခ)ရွှေစောင်းနဲ့ ရဲဘော် ကောရီဟာ အသက် ၁၉နှစ်နဲ့ ၂၀ကျော်အရွယ်တွေသာ ဖြစ်ပါတယ်။
ဒါ့အပြင် မေ ၁၈ရက် မွန်းလွဲပိုင်းမှာ ရက္ခိုင်ဒေသ၊ အမ်းမြို့နယ်၊ တောဟိန်းတောင်ဗျူ ဟာအတွင်းရှိ တိုက်ပွဲအတွင်းမှာ ကျောင်းသားလက်ရုံးတပ်တော်က အသက် ၁၉ နှစ်အရွယ် ရဲဘော် အားပေါင်ဟာ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။