ကရင်နီပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ ကမ်းလက် ကရင်နီ စစ်ဘေးရှောင် ကူညီရေး ပရဟိတ အဖွဲ့က ‘စစ်ရှောင်လည်းကူ ကားလည်းယူ’ ကံစမ်းမဲ အစီအစဉ်ကို ပြုလုပ်နေပါတယ်။
အခု အစီအစဉ်ဟာ ကမ်းလက် ပရဟိတအဖွဲ့ အနေနဲ့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ကံစမ်းမဲ အစီအစဉ်ဖြစ်လို့ ပါဝင်အားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
“ခုလို အခက်ခဲ ကြားကာလမှာ တစ်ဖက်တစ်လှမ်း စစ်ရှောင်များကို ပါဝင်အားဖြည့်ချင်သူများ အတွက် ကျွန်တော်တို့ရဲ့ အထူးအစီအစဉ်ဖြစ်တဲ့ ‘စစ်ရှောင်လည်းကူ ကားလည်းယူ’ ကံစမ်းမဲ ရှိပါတယ်ဗျာ” လို့ ကမ်းလက် ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီအစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ စစ်ရှောင်များအတွက် လိုအပ်တဲ့ စားသောက်ကုန်ခြောက်များ၊ ကလေး အာဟာရများ၊ ဆေးဝါးများ ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။
ကံစမ်းမဲ ပထမဆု အဖြစ် HONDA FIT ကားတစ်စီး၊ ဒုတိယဆု ဂစ်တာ တစ်လုံး၊ တတိယဆု ပါဝါဘဏ်နဲ့ နှစ်သိမ့်ဆုကို ရိုးရာဝတ်စုံတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ကံစမ်းမဲ ကာလအနေနဲ့ မေ ၁၀ ရက်ကနေ ဇွန် ၁၀ ရက်နေ့အထိ တစ်လ ပြုလုပ်မှာဖြစ်ပြီး မဲအစောင်ရေ ၁,၅၀၀ ကို တစ်စောင် တစ်သောင်းငါးထောင်ကျပ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
ကံစမ်းမဲ ကိုတော့ ဇွန်လ ၁၅ ရက်မှာ ဖောက်ပေးမယ်လို့လည်း ကမ်းလက် ပရဟိတအဖွဲ့က ပြောပါတယ်။
ကမ်းလက် ပရဟိတအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှာ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီဖို့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။