ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများအသုံးပြုတိုက်ခိုက်လာသည်ဟု ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
နေပြည်တော်နှင့် နီးကပ်သည့် ကရင်နီပြည်ဒေသတွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီက ၎င်းတို့၏ နောက်ဆုံးပေါ်လက်နက်များကို ယခု ရက်သတ္တပတ်ကစ၍ မြေပြင်တိုက်ပွဲများ၌ အသုံးပြုလာခြင်းဟု ဆိုသည်။
“အတွဲလိုက်ဒုံးစနစ်တွေကို ပြီးခဲ့တဲ့ ၁၃ ရက်က ဒီးမော့ဆိုတိုက်ပွဲမှာ စတွေ့ရတယ်။ပြီးတော့ မြေပြင် တပ်တွေကလည်း အရင်နဲ့မတူတဲ့ အဆင့်မြင့် Jumper(ဆက်သွယ်ရေး စနစ်အားဖြတ်တောက်သည့် စက်ပစ္စည်းတွေ လည်းပါလာတယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက ရှင်းပြသည်။
ထို့အပြင် ယနေ့(သြဂုတ် ၁၆ ရက်)နံနက်ပိုင်းတွင် ဒီးမော့ဆို မြို့နယ်၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေကြောင့် ထိတွေ့မှုနေရာကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
စစ်ကောင်စီက မယ်စဲ့မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတော နှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။
ထို့ကြောင့် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ဒီးမော့ဆိုနှင့် ဖရူဆို တိုက်ပွဲများတွင် လက်နက်နှင့် ခဲယမ်းများစွာ ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။
ထို့အတူ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးထက်မနည်းမှာလည်း တိုက်ပွဲများတွင် ကျဆုံးခဲ့ရသည်။