ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ က အကြမ်းဖက် စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ယင်းသို့ သိမ်းဆည်း ရရှိမှု အတွက် ဆုချီးမြှင့်မည် ဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆို သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပါဝင်ဆွေးနွေးသည့် “ဘီလီယံပေါင်း ၂ သောင်းရိုက်ထုတ်အပြီး တကျော့ပြန် စူဇကာစစ်ဆင်ရေးနဲ့ ခေတ်ပျက်သူဌေးတွေရဲ့ အနာဂတ်” နွေဦးတော်လှန်ရေး စကားဝိုင်းတွင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုနွေဦးတော်လှန်ရေးစကားဝိုင်း အစီအစဉ်ကို NUG ၏ မီဒီယာဖြစ်သော PVTV က ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ကရင်နီပြည်နယ် မြေပြင်တိုက်ပွဲ အခြေ အနေတွင် စစ်တပ်ထံမှ သံချပ်ကာ ကား(တင့်ကား)ကို သိမ်းဆည်းရရှိခြင်း ရှိ၊ မရှိ ကို ရန်ကုန်ခေတ်သစ်က ကရင်နီ တော်လှန်ရေးသတင်းရင်းမြစ်များထံသို့ မေးမြန်းရာ ၎င်းတို့အနေဖြင့် သိရှိခြင်း မရှိကြောင်း၊ အတည်ပြုချက်မရှိကြောင်း ပြောဆိုသည်။
ေပြင်တိုက်ပွဲ အခြေ အနေတွင် စစ်တပ်ထံမှ သံချပ်ကာ ကား(တင့်ကား)ကို သိမ်းဆည်းရရှိခြင်း ရှိ၊ မရှိ ကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
ယင်း စကားဝိုင်းတွင် ဦးမင်းကိုနိုင်က ကရင်နီပြည်တွင် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက စစ်တပ်တင့်ကား ၁ စီး သိမ်းဆည်းရရှိခြင်းကို NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန အနေဖြင့် ဂုဏ်ပြုချီးမြှင့်ရန် အဆင်သင့်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
“ကျွန်တော်တို့ပေးမှာပါ။ ပေးဖို့လည်း အလုံအလောက်ရှိတယ်။ ရှေ့မှာလည်း ကျနော်တို့ ချင်းပြည်နယ်မှာဆိုရင်လည်း တင့်ကား ၂ စီး ဖျက်ဆီးနိုင်တဲ့ အတွက် ဆိုပြီးတော့ ကျွန်တော်တို့ပေးခဲ့ပါတယ်။ ငွေအတွက်နဲ့ကတော့ အနေ ခက်မနေနဲ့လို့ ပြောရမှာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ဘက်က နေပြီး တော့ ဆုချီးမြှင့်တဲ့ ကိစ္စကတော့ အပြည့်အဝ တာဝန်ယူပါတယ်။ ပိုက်ဆံလည်း ရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကပြော ဆိုခဲ့သည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဧပြီလ ၁၃ ရက်နေ့တွင် CNA၊ CDF ပူးပေါင်းအဖွဲ့က ဖျက်ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။