ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်မ(၅၅) ၊တပ်မ(၆၆)နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်း ၃၈ခုအထိ အသုံးပြု၍ အင်အားသုံးစစ်ထိုးနေကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောသည်။
အင်အားအများအပြားဖြင့် ကရင်နီပြည်တစ်ဝှမ်း စစ်ကောင်စီ၏ စစ်ဆင်ရေးကို ကရင်နီပြည်တပ်ပေါင်းစု၊ တော်လှန်ရေးအင်အားစုများက ရဲဝံ့သော တွန်လှန်မှုကြောင့် စစ်ကောင်စီတပ်များ ဖွဲ့စည်းပုံပျက်ပြီး အကျဆုံးများစွာနှင့် ရင်ဆိုင်နေရသည်ဟုလည်း ဆိုသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်ရှိကရင်နီပြည်နယ်ရဲ့ ၆၅ရာခိုင်နှုန်းကျော်သော နယ်မြေတွေကို ကျွန်တော်တို့ စိုးမိုးထားနိုင်ပြီးတော့မှ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု KSCC ဥက္ကဌက ပြောသည်။
သို့သော်တစ်ဖက်တွင်လည်း စစ်ကောင်စီက စစ်မြေပြင်ကို တပ်မ (၅၅) ၊ တပ်မ(၆၆)နှင့် စကခ တပ်ရင်း ၃၈ ရင်းဖြင့် အင်အားသုံးလာနေကြောင်း အသိပေးသည်။
ထို့ကြောင့် ကရင်နီပြည်နယ်၏ မဟာဗျူဟာကျသော လမ်းပိုင်းများကို အပြည့်အဝထိန်းချုပ်နိုင်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ ဗျူဟာ(၆)မှာ အလွန်အရေးကြီးကြောင်းလည်း ၎င်းက ရှင်းပြသည်။
“လက်ရှိမှာဆိုရင် KNDF ရဲ့ ဗျူဟာ(၆)က ခူးရီဒူး ဦးဆောင်တဲ့ ကရင်နီပြည်ရောက် မအလ တပ်မပျောက်ဆိုတဲ့ ပရောဂျက်စီမံကိန်းကို ပြည်သူလူထုအပေါင်းက လူငယ်တွေရဲ့စွမ်းအား လူငယ်တွေရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုပြီး တက်နိုင်စွမ်းသလောက် ပါဝင်ကူညီပေးကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
စစ်ကောင်စီတပ်များကို ပြန်လှန်ထိုးစစ်ဆင်နိုင်ရန် “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ကျပ်သိန်းတစ်သောင်းရရှိရေး ကမ်ပိန်းကို သြဂုတ် ၂၃ ရက်တွင် KNDF ဗျူဟာ(၆)က စတင်ခဲ့သည်။
KNDF ဗျူဟာ(၆)သည် ဒီးမော့ဆို – ဖရူဆိုနှင့် ဘောလခဲ အစရှိသော နယ်မြေများအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။