ကရင်နီ(ကယား)ပြည်နယ်၌ ကမ္ဘာကျော်နည်းပညာသူဌေးကြီး အီလွန်မာစ်၏ စတားလင့် (Starlink) အင်တာနက်ကို စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသော Free Burma Ranger ( FBR ) အဖွဲ့တည်ထောင်သူ David Eubank က ပြောသည်။
Starlink အင်တာနက် ရရှိရန် ကူညီဆောင်ရွက်ပေးသည့် နည်းပညာသူဌေးကြီး အီလွန်မာစ်နှင့် ၎င်း၏ ကုမ္ပဏီကို ကျေးဇူးတင်ကြောင်းလည်း David Eubank က တွစ်တာမှ တဆင့်ကျေးဇူးတင်စကားပြောသည်။
“စတားလင့်၊ အီလွန်မာစ် နဲ့လုပ်ဖော်ကိုင်ဖက်တွေ ၊ ပြီးတော့ မိသားစုကို ကျေးဇူးအများကြီးတင်ပါတယ်။ အချင်းချင်း ချစ်ခင်ကြလေ မိသားစုကို ချစ်ခင်ကြလေလေပါပဲ။ ကျွန်တော်တို့ ခင်ဗျားကို ချစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါလေးကို ဖန်တီးခဲ့လို့ပါ။ ခုကျွန်တော်တို့ကတော့ နှစ်ပေါင်း ၇၃ နှစ်လောက် ပြည်တွင်းစစ်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာ
နိုင်ငံမှာပါ။ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာတော့ အခြေအနေကပိုဆိုးလာပြီးတော့ လူပေါင်း ၃ သန်းလောက်နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဟော့ဒီကရင်နီပြည်မှာတော့ လူ ၃ သိန်းလောက် ထွက်ပြေးနေရတာပါ။ အချို့ရွာတွေက ဗုံးကျဲတိုက်ခိုက်ခံရပါတယ်။ ငါတို့ ကတော့ ဒီမှာ စစ်ရှောင်တွေကို ကူညီစောင့်လျောက်ပေးနေတာဖြစ်ပါတယ်”ဟု David Eubank က ကရင်နီရှိ စစ်ရှောင်စခန်းတခု ကနေ ပြောသည်။
ကရင်နီဒေသတွင် စတားလင့်ကို အသုံးပြုခွင့်ရသည့် အတွက်ကျေးဇူးတင်ပြီး ယခုထက်ပို၍ လုပ်ပေးနိုင်ရန် နှင့် ဘုရားသခင်ကောင်းချီပေးပါစေဟုလည်း Elon Musk ကို David Eubank က ဆုတောင်းပေးထားသည်။
“ရွာအများစု ဗုံးကျဲခံနေတဲ့ ဒီမှာ စစ်ဘေးရှောင်တွေနဲ့ ငါအတူရှိနေတယ်။ အခုမင်းအဲ့ အကူအညီရရှိသွားပြီး ကျေးဇူးတင်ပါတယ်။ မင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ”ဟု David Eubankက ပြောသည်။
ကမ္ဘာ့အချမ်းသာဆုံးအမေရီကန်သူဌေး အီလွန်မာစ် ပိုင်ဆိုင်သည့် စတားလင့် အင်တာနက်သည်အမေရိကန်လေကြောင်းအာကာသကုမ္ပဏီ SpaceX ၏ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်တွင် အသုံးပြုနေသည့် စနစ်ဖြစ်သည်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၏ တာဝန်ရှိသူက လည်း”Starlink အင်တာနက်ရတာတော့ ရနေပြီ ။အကန့်အသန့်တွေအများကြီးပါ”ဟု လူထုနွေဦးသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအားကောင်းသည့်ဒေသများတွင် စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ဖြင့်ဖုန်လိုင်းနှင့် အင်တာနက်ကိုဖြတ်တောက်ထားသည်။
ကရင်နီပြည်နယ်တွင် နေရာအများစုကို စစ်ကောင်စီကဖုန်းနှင့် အင်တာနက်ဖြတ်တောက်ထားသည်မှ နှစ်နှစ်ကျော်ရှိနေပြီဖြစ်သည်။ FBRသည် ကရင်နီပြည်တွင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။
“ကယားမှာ သုံးနိုင်သလို အညာဘက်မှာလည်း သုံးလာနိုင်ရင် ဝမ်းသာစရာကောင်းပါတယ်။ ဒါပေ့မယ် ကရင်နီမှာ သုံးနိုင်ပြီဆိုတော့ အညာဘက်မှာ သုံးနိုင်တော့မယ်လို့ လမ်းစမြင်နေရပါပြီ”ဟု မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ရေးအရ စစ်ကောင်စီက လိုသလို ဖြတ်တောက်နေသည့် အင်တာနက်အပြင် ဆက်သွယ်ရေး စနစ် များ ကြောင့် မြန်မာနိုင်ငံကို Starlink အင်တာနက် ပံ့ပိုးကူညီပေးရန် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က Elon Musk ကို ၂၀၂၂ ခုနှစ်က တောင်းဆိုခဲ့ဖူးသည်။