ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၃ ခုနှစ်ကစတဲ့ ၁၁၁၁ စစ်ဆင်ရေးကစပြီး ကရင်နီ တော်လှန်ရေးပူးပေါင်း တပ်တွေက တိုက်ခိုက်ရှင်းလင်းခဲ့ရာ မြို့ ၇ ခု နဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ၆၅ ခုအထိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၃ ရက် ၂၀၂၃ ခုနှစ်ကစတဲ့ မိုခါမုန်တိုင်းစစ်ဆင်ရေးမှာ မယ်စဲ့မြို့နဲ့ နယ်စပ်က တပ်စခန်း ၇ ခုကို ထိန်းချုပ်နိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးရဲ့နောက်ဆက်တွဲအနေနဲ့ မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်၊ မိုးဗြဲစတဲ့ မြို့ ၇ ခုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သံလွင်အရှေ့ဖက်ခြမ်းဒေသ၊ မယ်စဲ့မြို့နယ်နဲ့ ရှားတောမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဝငိရောက်ထိုးဖောက်နိုင်ခြင်းမရှိတော့ဘဲ ကရင်နီကာကွယ်ရေးတပ်တွေက အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၁၁၁၁ စစ်ဆင်ရေးကာလအတွင်းမှာ လွိုင်ကော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့နယ်က ၁၃ ခု၊ ဖရူဆိုမြို့နယ်က ၁ ခု၊ ဘောလခဲမြို့နယ်က ၅ ခု၊ ဖားဆောင်းမြို့နယ်က ၉ ခု၊ ရှားတောမြို့နယ်က ၇ ခု၊ ဖယ်ခုံမြို့နယ်က ၁၇ ခု၊ မယ်စဲ့မြို့နယ်က ၁ ခု ၊ စုစုပေါင်း ၅၆ ခုနဲ့ စစ်ကောင်စီတပ် စခန်းကိုစွန့်ခွာ တပ်ဆုတ်သွားတာ ၁၆ ခု အထိရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကရင်နီပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တွေ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။