ကရင်နီပြည်နယ် တစ်နေရာမှာ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ အတွက် အဓိက လိုအပ်ချက် တစ်ခုဖြစ်တဲ့ ခွဲစိတ်ဆေးရုံ တည်ဆောက်သွားမယ်လို့ ကင်နီ တော်လှန်ရေး အင်အားစုတွေက ဒီကနေ့ အသိပေး ပြောဆိုလိုက်ပါတယ်။
ကိန္နရာလို့ အမည်ပေးထားတဲ့ ဆေးရုံကို ကရင်နီပြည် တစ်နေရာမှာ တည်ဆောက်မှာဖြစ်ပြီး ပြည်သူတွေနဲ့ ရဲဘော်တွေကို ခွဲစိတ်ကုသနိုင်တဲ့ ဆေးရုံအဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးရုံ တည်ဆောက်နိုင်ဖို့ အတွက် “ကရင်နီအတွက် ကိန္နရာ” ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်သူတွေ ကူညီ လှူဒါန်းဖို့ ဆေးရုံ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့က ကိုနိုင်နိုင်းက တိုက်တွန်းပါတယ်။
“ကမ်ပိန်းကတော့ သိန်း ၂၅၀၀ သတ်မှတ်ထားပါတယ်။ မြေပြင်အခြေအနေ ဘယ်လိုပုံ ရှိတယ်၊ ဘာတွေ လိုအပ်တယ် ဆိုတာ အထိုက်အလျောက်တော့ သိကြပြီးသား ဖြစ်မှာပါဗျ။ ကျွန်တော်တို့ ဒီတစ်ခေါက်လုပ်မယ့် Project ကတော့ တော်တော်ထူးခြားပါတယ်။ ရှေ့တန်းရဲဘော်တွေ ကိုယ်စီက ကိုယ့်တာဝန် ကိုယ်ကျေကြ သလို ကျွန်တော်တို့ တာဝန်ယူထားတဲ့ သူတွေကလည်း လုပ်ဆောင်ပေးရတာ အချင်းချင်း ဖေးမခြင်းပါပဲ။ ဒါတင်မဟုတ်သေးဘူး ပြည်သူတွေ လိုအပ်တဲ့ အရေးပေါ် ကျန်းမာရေး ကုသရေးအတွက် လက်လှမ်းမီနိုင်ဖို့ ကျွန်တော်တို့ စတင်အကောင်ထည်ဖော်ပါပြီ” လို့ သူပြောပါတယ်။
တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်လေ့ရှိတာကြောင့် မလိုအပ်ဘဲ အသက်တွေ မဆုံးရှုံးဖို့ ခွဲစိတ်ဆေးရုံ ဖြစ်မြောက်အောင် ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ အတွင်း ယမ်းစစင်တာ၊ ကျည်ထိမှန် ဒဏ်ရာတွေကို ခွဲစိတ်မပေးနိုင်လို့ ရဲဘော်တွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် ကိန္နရာဆေးရုံ ပေါ်ပေါက်လာပါက ဒီလို ကိစ္စတွေ မရှိနိုင်တော့ဘူးလို့ သူကပြောပါတယ်။
လက်ရှိ စစ်ကောင်စီက ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် လုံခြုံရေး အတွက် အထူးပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ ကရင်နီ တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။
ကမ်ပိန်းကို ကူညီထောက်ပံ့လိုသူတွေ အနေနဲ့ “မမ များနဲ့ပွဲကမယ်” ဆိုတဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့ထံ တိုက်ရိုက် လှူဒါန်းနိုင်တယ်လို့ ပြည်သူတွေကို အသိပေးထားတယ်။