ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုနဲ့ ဖယ်ခုံအစပ်မှာ သစ်ပင်ပန်းပင်ပေါင်း ၂၀၀၀ ကျော်ကို Clean Yangon အဖွဲ့သားတွေနဲ့ ကျေးရွာဒေသခံတွေ ပူးပေါင်းပြီး ဒီနေ့ ဇူလိုင် ၉ မှာ စိုက်ပျိုးဖြစ်ခဲ့တယ်လို့ Clean yangon မှ တာဝန်ရှိသူ ကိုဇေယျာထွန်းက ပြောပါတယ်။
ဒီးမောဆိုနဲ့ ဖယ်ခုံမြို့နယ်အစပ်မှာရှိတဲ့ ကားလမ်းမကြီးရဲ့ လမ်းဘေး ဝဲ၊ ယာတွေမှာ ဒေသခံအယောက် ၁၀၀ ကျော်နဲ့ ပူးပေါင်းပြီး စိုက်ပျိုးဖြစ်ခဲ့တာပါ။
“ဒီဘက်ဒေသက စစ်ရှောင်ဒေသမလို့ရယ်၊ ရွှေ့ပြောင်းတဲ့လူတွေများလာလို့ သစ်ခုတ်ယူမှုက များပါတယ်။ စိမ်းလန်းစိုပြေစေချင်တာရယ်၊အစားထိုးသစ်ပင်တွေ စိုက်ပေးချင်တာရယ်ကြောင့်ပါ။ ဒီအချိန်မှာ ယမ်းငွေ့တွေဝေနေပေမယ့် နောင်တချိန်ပန်းတွေဝေစေချင်ပါတယ်” လို့ သူက ပြောပါတယ်။
စိုက်ပျိုးခဲ့တဲ့ သစ်ပင်ပန်းပင်တွေက ချယ်ရီပင်၊ ခါတော်မှီ၊ စိန်ပန်းအပြာ၊ စိန်ပန်းအနီစတဲ့ သစ်ပင်ပန်းပင်ပေါင်း ၂၀၀၀ ကျော်ကို စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။
Clean yangon အဖွဲ့က ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ၊ အမိုးအကာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား ကူညီလှူဒါန်းပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။