ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ မလုံမလောက် ဖြစ်နေတာကြောင့် စေတနာ့ ၀န်ထမ်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဆေးမှူး တစ်ဦးက ဒီကနေ့ ပြောပါတယ်။
လက်ရှိ ကရင်နီ စစ်ရှောင်တွေ အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ မလုံလောက်မှု၊ ဆေး၀ါး မလုံလောက်မှုတွေကို ရင်ဆိုင်နေရတာကြောင့် စေတနာ့ ၀န်ထမ်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
“ဆေး၀ါးလည်း မလောက်ဘူး။ ပါရာစီတမောတောင် ဒိတ်လွန်ပဲရှိတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုဆိုးတာက ဆေး၀ါး ကျွမ်းကျင်တဲ့သူတွေ မလုံလောက်တဲ့ ပြဿနာပဲရှင့်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဆေးတပ်တွေ ရှိပေမဲ့ တပ်တွင်း ထိခိုက်ဒဏ်ရာတွေနဲ့ တခြားကိစ္စတွေကို သူတို့လည်း လုံးပန်းနေရတာဆိုတော့ စစ်ရှောင်တွေ အတွက် မလှည့်နိုင်ဘူး ဖြစ်နေတာလေ” လို့ ဆေးမှူးက ရှင်းပြပါတယ်။
ကရင်နီ စစ်ရှောင် စခန်း တစ်ခုမှာ ပျှမ်းမျှ စစ်ရှောင် ၇၀၀ ၀န်းကျင် ရှိပေမဲ့ ဆေး၀ါးကျွမ်းကျင်သူ တစ်ယောက်သာ ရှိပြီး လက်ရှိ ဖျားနာ၊ ချောင်းဆိုးရင်ကြပ်ရောဂါတွေ အဖြစ်များနေတာကြောင့် ဆေးကုသမှု မနိုင်မနင်း ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
အခုလို အခြေအနေတွေကြောင့် ကရင်နီ သူနာပြုအသင်းက ဆေး၀ါးကျွမ်းကျင်ပြီး ကျန်းမာရေး ကောင်းမွန်သူ၊ တစ်ပတ်မှာ နာရီ ၄၀ ထက်မနည်း အလုပ်လုပ်နိုင်သူ၊ အထက်တန်း အောင်မြင်ထားသူ၊ ဒါမှမဟုတ် CDM ပြုလုပ်ထားပြီး ဆေးသင်တန်း တက်ရောက်လိုတဲ့ စေတနာ့၀န်ထမ်းတွေကို ဖိတ်ခေါ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။