ကရင်နီပြည်နယ်၊ တိုက်ပွဲ တစ်နေရာမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း အမှတ် (၆) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
KNDF တပ်ရင်း အမှတ် (၆) ရဲဘော်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့များနဲ့ အပြန်အလှန် တိုက်ခိုက်ရင်း ကျဆုံးသွားတယ်လို့ KNDF တပ်ရင်း (၆) ကပြောပါတယ်။
“တော်လှန်ရေး ပန်းတိုင် မရောက်သေးတဲ့အချိန်မှာပဲ ရဲဘော်ရဲဘက် တစ်ယောက် အသက် ထပ်ပေးလှူရပြန်ပြီ။ သူက တာဝန်ကျေပွန်သွားပြီ ဖြစ်တယ်။ သူ့အတွက် တော်လှန်ရေး အတွက် အာဇာနည် သူရဲကောင်းများ အတွက် တိုက်ပွဲ မပြီးမချင်း ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်” လို့ ကျဆုံးသူရဲ့ ရဲဘော်ရဲဘက် တစ်ဦးက ပြောပါတယ်။
ဒီနွေဦးတော်လှန်ရေးဟာ အဆုံးသတ် တော်လှန်ရေး ဖြစ်တာကြောင့် တော်လှန်ရေး အောင်မြင်ဖို့ အတွက် လူငယ်တွေ တစ်ယောက်ပြီး တစ်ယောက် အသက်ပေးလှူနေချိန်မှာ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အမြန်အောင်ဖို့ ဝိုင်းဝန်းကြဖို့ အဲ့ဒီရဲဘော်ရဲဘက်က ဆက်ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ဟာ ပျော်ပျော်နေတတ်သူဖြစ်ပြီး တပ်ရင်း အတွင်းမှာ လူချစ်လူခင်များတဲ့ ရဲဘော် ဖြစ်တယ်လို့ ကျဆုံးရဲဘော်ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
အခုလို ကျဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုဝင်များနဲ့အတူ ထပ်တူဝမ်းနည်းရပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် အသက်ပေး တိုက်ခိုက်ခဲ့တဲ့ ရဲဘော်ကို အာဇာနည် သူရဲကောင်းအဖြစ် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၆) မှ မှတ်တမ်းတင် အလေးပြုခဲ့ပါတယ်။
ဒါ့အပြင် ကျဆုံး အာဇာနည် သူရဲကောင်းများ အတွက် တိုက်ပွဲ မပြီးမချင်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ KNDF တပ်ရင်း အမှတ် (၆) က ပြောပါတယ်။