ကရင်နီပြည်နယ်က စစ်ဘေးရှောင်နဲ့ ဒေသခံ ပြည်သူတွေကို နယ်လှည့် ကွင်းဆင်း ဆေးကုပေးနေတဲ့ Loyalty Mobile Team for Karenni-သစ္စာ ရွေ့လျားဆေးအဖွဲ့ အတွက် လိုအပ်နေတဲ့ ဆေးဝါးတွေ ဖြည့်ဆည်းဖို့ ပါရာဒီဇယ်-PDC ကမ်းပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
နယ်လှည့်ဆေးကုသရာမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ဒီဇယ်ဆီ ဝယ်ယူဖို့ ပြုလုပ်တဲ့ ဒီကမ်ပိန်းကို ဩဂုတ်လ ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ တစ်လ ပြုလုပ်မှာဖြစ်ပြီး ကမ်းပိန်း ကာလအတွင်း သိန်း ၃၀၀ ရရှိဖို့လို့ သိရပါတယ်။
“ကျွန်တော်တို့မှာ အတတ်ပညာနဲ့ ခွန်အား ရှိပေမယ့် အလှူငွေ နည်းပါးလာတဲ့အခါ၊ ဆေးဝါးနဲ့ လောင်စာဆီ စျေးနှုန်း မြင့်တက်လာတဲ့အခါ ရပ်တည်ဖို့၊ အလုပ်တွေ ဆက်လုပ်ဖို့ ပိုခက်ခဲလာပါတယ်။ ဒါကြောင့် ဒီပါရာဒီဇယ် ကမ်ပိန်းကို ပြုလုပ်ရပါတယ်” လို့ သစ္စာရွေ့လျားဆေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
သစ္စာရွေ့လျားဆေးအဖွဲ့ဟာ ကရင်နီမှာရှိတဲ့ ဒေသခံ နဲ့ စစ်ရှောင် ပြည်သူ ၅သောင်းကျော်ကို ရွေ့လျားစနစ်နဲ့ တောတောင်ထဲက စစ်ရှောင်စခန်းတွေဆီ လှည့်လည်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့အနေနဲ့ အဲ့ဒီလို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာ ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။
ဒီကမ်ပိန်းဟာ ကရင်နီပြည် ဒေသခံနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ဆက်ပေးနေနိုင်ဖို့ ဆေးဖိုးနဲ့ ကားဆီဖိုး ၃ လစာ ဖြည့်တင်းဖို့ ဖြစ်တယ်လို့ သစ္စာရွေ့လျားဆေးအဖွဲ့က ပြောပါတယ်။
“စစ်ဘေးရှောင်တွေ အတွက် ကျွန်တော်တို့ ရှိနေပါမယ်။ ကျွန်တော်တို့ အတွက် မိဘပြည်သူ၊ မိတ်ဆွေများ ရှိနေပေးကြပါဗျ” လို့ သစ္စာရွေ့လျားဆေးအဖွဲ့ တာ၀န်ရှိသူက ဆက်ပြောပါတယ်။
ကရင်နီပြည်မှာ ဒေသခံနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ဆက်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ ပါရာဒီဇယ် ကမ်ပိန်းကို ကူညီလိုသူတွေ အနေနဲ့ သစ္စာရွေ့လျားဆေးအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Loyalty Mobile Team for Karenni ကို ဆက်သွယ်ပြီး K pay ၊ NUG pay ၊ Wave pay ၊ Thailand account ၊ Singapore account တို့မှ တစ်ဆင့် ကူညီနိုင်တယ်လို့ သိရပါတယ်။