ကရင်နီပြည်နယ် အပါအဝင် ထိစပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လေပြင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေရဲ့ နေအိမ် အလုံး ၂၀၀ နီးပါးခန့် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မေလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်ကောင်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့က လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင် တစ်ဦးက “ဖရူဆိုမှာတင် ၄၀ ကျော်တယ်။ စာရင်းကတော့ လိုက်ရေနေတုန်းပဲ။ တစ်နေရာနဲ့ တစ်နေရာကလည်း ဝေးတော့ သတင်းက အကုန်မရသေးဘူး။ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အဖွဲ့တွေတော့ ရှိတယ်” လို့ ပြောပါတယ်။
ဝါး၊ မိုးကာ၊ ထရံတွေနဲ့ ဆောက်လုပ်ထားတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေဟာ အရင်ကတည်းက ရာသီဥတုဒဏ်တွေကြောင့် ဆွေးမြေ့နေတာ ဖြစ်ပြီး လေပြင်း တိုက်ခတ်တဲ့အချိန်မှာ ပျက်စီးဆုံးရှုံးမှု ပိုများသွားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “လောလောဆယ်တော့ သူတို့ ပေါင်းနေကြတယ်ပေါ့နော်။ နေရာတွေတော့ အခက်အခဲ ဖြစ်တယ်။ အမြန်ဆုံးတော့ အလှူရှင်ပေါ်လာရင် ကောင်းမယ်ပေါ့။ အရမ်းပူတော့ ပေါင်းနေရတာတွေက ရေရှည် အဆင်မပြေဘူးလေ။ မိုးကာတဲတွေဆို တစ်လုံးမှ တန်ဖိုး ဘယ်လောက်မှ မရှိပါဘူး။ အကြီးဆုံးဆိုဒ်တောင်မှ တစ်သိန်းလောက်ပဲ ကျတာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အခုလို နွေရာသီကာလ ဧပြီ ၂၇ ရက်နေ့တုန်းကလည်း ကရင်နီပြည်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေရဲ့ နေအိမ် အလုံး ၁၀၀ ကျော်နဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။