ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင် ဆင်နွှဲခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဗိုလ်မှူး- ဗိုလ်ကြီး တစ်ဦး ပါဝင်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲ့ဒီဖမ်းဆီးရမိတဲ့ ဗိုလ်မှူး- ဗိုလ်ကြီးဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၂၃) တပ်မှ ဗိုလ်မှူး -ဗိုလ်ကြီး ဖြိုးမြင့်နိုင် ဖြစ်တယ်လို့ အဖမ်းခံရသူက ဗီဒီဖိုင်မှာ ပြောပါတယ်။
“ကျွန်တော် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်ကတော့ အမှတ် (၄၂၃) ခြေမြန်တပ်ရင်း ဆီဆိုင်မြို့က ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်က လက်ရှိ စစ်ဆင်ရေးဝင်တဲ့ ဒေသကတော့ ကယားပြည်နယ် နမ့်စံခမ်း ဒေသ ဖြစ်ပါတယ်။ နမ့်စံခမ်း ဒေသမှာ ၁၁ ရက်နေ့ မနက် တိုက်ပွဲမှာ တော်လှန်ရေး ရဲဘော်တွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်” လို့ အဖမ်းခံရသူက ဗီဒီယိုဖိုင်မှာ ပြောပါတယ်။
အခုလို အဖမ်းခံရပေမယ့် ကရင်နီပြည်နယ် တစ်နေရာမှာ ကောင်းကောင်းမွန်မွန် ကျန်းမာစွာနဲ့ နေထိုင်လျက် ရှိတယ်လို့ ၎င်းက မိသားစုကို ရုပ်သံဖိုင်က တစ်ဆင့် အသိပေး ပြောဆိုပါတယ်။ ခမရ (၄၂၃) တပ်ရင်းဟာ ဆီဆိုင်မြို့နယ်မှာ တောင်သူတွေရဲ့ တောင်ယာတွေကို သိမ်းယူတာတွေကြောင့် ဒေသခံတွေက ဆန္ဒပြခြင်း ခံရတဲ့တပ်လည်း ဖြစ်ပါတယ်။
“ဗိုလ်မှူး- ဗိုလ်ကြီးဆိုတာက ဗိုလ်မှူးအဆင့် အလုပ်လုပ်ပြီး ဗိုလ်မှူး လစာတော့ စားနေပြီ။ အပွင့်တင်ဖို့ စောင့်နေတဲ့သူပေါ့။ အခုတော့ အပွင့်မတင်ရသေးဘူး အဖမ်းခံလိုက်ရတာပေါ့” လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ရှင်းပြပါတယ်။
ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု အနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ထိန်းသိမ်းထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များ အနေနဲ့ နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေဆီမှာ လက်နက်ချ အလင်းဝင်ရင် စစ်သုံ့ပန်း မူဝါဒကို အပြည့်အဝ ခံစားရမယ်လို့ KNDF က အသိပေးထားပါတယ်။
လက်နက်ချ အလင်းဝင်ခြင်း မရှိဘဲ တော်လှန်ရေး တပ်ပေါင်းစုကို ဆက်လက် ခုခံနေရင် ပြင်းထန်စွာ အရေးယူမယ်လို့ KNDF ကဆိုပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး စတင်တဲ့ရက်မှာပဲ စစ်ကောင်စီ စခန်း ၈ ခု၊ လက်နက်ငယ် ၁၀၀ ကျော်နဲ့ စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။