ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ တောင်ပေါ်မြေပြန့် တော်လှန်ရေးအင်အားစုများအားလုံး နဲ့အတူ အကြမ်းဖက် စစ်အုပ်စုအား ပြန်လည်ခုခံတိုက်ခိုက်သွားမယ် ဆိုတဲ့ သဘောထားကြေညာချက်အပေါ် ကြိုဆိုဝမ်းမြောက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“ပြည်သူလူထုနှင့်အတူ ရပ်တည်လျက် နွေဦးတော်လှန်ရေးတွင် ပြတ်သားစွာ လက်တွဲပါဝင် ဆောင်ရွက် သွားမည်ကို ဖော်ညွှန်းသော သမိုင်းတွင်မည့် လုပ်ဆောင်ချက်ဖြစ်သဖြင့် ဂုဏ်ယူအားတက်ရပါသည်” လို့ CRPH ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရာမှာ ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး အနေနဲ့ တိကျတဲ့ ရည်မှန်းချက်များ ချမှတ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီးတို့နဲ့ လက်တွေ့ကျကျ တော်လှန်ရေး လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်သွားမှာကို သိရှိရတဲ့အတွက် ပြည်သူလူထု အားလုံးရဲ့ ကိုယ်စား အားအင်သစ်များ ရရှိပါကြောင်းနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ သဘောထားများအတွက် ကဏ္ဍအလိုက် ချိတ်ဆက်ရပ်တည် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။