ကရင်နီပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာကြောင့် ရှေ့တန်း ရဲဘော်တွေ အတွက် ကျည်ဆံ လိုအပ်နေတယ်လို့ DMO Local PDF တပ်ရင်း (၃) ဒုရင်းမှူးက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ် မယ်စဲ့၊ ဖားဆောင်း၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ လွိုင်ကော်အနီးက ကျေးရွာ တချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီ ရက်ကြာလာတာကြောင့် ကျည်ဆံ လိုအပ်နေတာလို့ ဆိုပါတယ်။
“ထိတွေ့မှုရှိပြီး သူတို့ဘက်က သေဆုံးတာ များပြီဆိုရင် လေယာဥ်ပစ်ကူတွေ သေချာပေါက် ရောက်တယ်။ ပြီးတော့ အရင်လိုမျိုး အရိပ်ပြပြီး မကြဲတော့ဘူး။ တန်းပြီးတော့ ထိုးကြဲတာ ရှိလာတယ်ပေါ့။ ပြီးတော့ လိုအပ်နေတာကတော့ ကျည်ပေါ့။ ကျည်ရှိမှ ကျွန်တော်တို့ ရဲဘော်တွေ ရလဒ်ကောင်းတွေ ပိုဖော်နိုင်မှာလေ။ ကျည်လိုအပ်နေပါတယ်” လို့ ဒုရင်းမှူးက ပြောပါတယ်။
လက်ရှိ တိုက်ပွဲတိုင်းမှာ စစ်ကောင်စီက အနည်းဆုံး စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးလေ့ရှိပြီး စစ်ကြောင်း တကြောင်း အင်အား ၁၀၀ ဝန်းကျင် ပါဝင်တယ်လို့ သိရပါတယ်။
အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တစ်ထောင့်ထိုး သေနတ်နဲ့ တိုက်ခိုက်လို့ အဆင်မပြေဘဲ မောင်းပြန် ကျည်ဆံ ဖြည့်တင်းဖို့ လိုအပ်တာကြောင့် ပြည်သူတွေ တတ်နိုင်သလောက် ကူညီပေးဖို့ တပ်ရင်း (၃) က တောင်းဆိုထားပါတယ်။
DMO Local PDF တပ်ရင်း (၃) ဟာ သဲဆူလဲ ကနေ ရှမ်း-ကရင်နီနယ်စပ်ထိ တာဝန်ယူထားပြီး လိုအပ်သလို တော်လှန်ရေးတပ်တွေကို စစ်ပေးကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။