ကရင်နီပြည်၊ ရှားတောမြို့နယ်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြား သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်း ကိုယ်ဝန်ဆောင် မိခင် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး အလောင်းများကို ကရင်နီတပ်မတော် KA နှင့် KNDF တို့က တွေ့ရှိခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းပြင်းမြို့နယ်အခြေစိုက် ခလရ ၂၄၉ တပ်ရင်းမှ ရဟတ်ယာဉ် ၃ စီး ဖြင့် စစ်ကူအင်အား စစ်သား ၆၄ ဦးပို့ဆောင်ခဲ့ရာ KA တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ နှစ်ဖွဲ့၊ သုံး ဖွဲ့ကွဲသွားကြောင်း၊ ထိုသို့ အဖွဲ့ကွဲသွားသည့် အကြမ်းဖက်စစ် ကောင်စီတပ်သား တပ်ဖွဲ့မှ တောတွင်း၌ စစ်ဘေးရှောင်နေသူ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး၊ ကိုယ်ဝန်ဆောင်အမျိုသမီးအပါအဝင် အသက်ကြီးပိုင်းအမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးစုစုပေါင်း ၇ ဦးကို ဓားစာခံဖမ်းဆီး သွားပြီး ပစ်ခတ်သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပစ်သတ်သွားတာမှန်တယ်လေ၊ ရှားတောမြို့က တချို့က ရွာပြင်မှာသွားနေတာလေ၊ သူတို့က ရေရှိတဲ့နေရာတွေမှာ သွားပြီးတော့ ခိုနေတာပေါ့နော၊ ၅ ရက်နေ့က စစ်ကူလာတယ်၊ ခလရ ၂၄၉ မိုင်းပြင်းက ရပခ လက်အောက်ခံ၊ ရဟတ်ယာဉ် ၃ စီးနဲ့ လာရှင်းတော့ ကျနော်တို့ ရဲဘော်က သွားစောင့်ပြီး ပစ်တယ်လေ၊ ပစ်တော့ ၂ ဖွဲ့ ၃ ဖွဲ့ကွဲသွားတယ်၊ ရန်သူက ကွဲသွားတော့ တစ်ဖွဲ့က စစ်ရှောင်နေတဲ့ ရွာသားတွေကို သွားတွေ့တယ်၊တွေ့တော့ ဖမ်း သွား တယ်၊ ဖမ်းသွားပြီးတော့မှ ကလေးက ၁၀ နှစ်အောက်က ၃ ယောက်ထင်တယ်၊ နောက်ပြီးတော့ အသက်ကြီးပိုင်းက ၂ ယောက်၊ ၃ ယောက်ပါတယ်၊ ဗိုက်ကြီးသည်တစ်ယောက်ပါတယ်၊ နောက်ပြီးမှာ အဖွားကြီးက ၂ ယောက်ပါတာပေါ့၊ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာပေါ့၊ တိုက်ပွဲဖြစ်တော့ စစ်တပ်က သူတို့တွေကို ပစ်သတ် လိုက်တာ၊” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။
KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက “ဒီကလေးတွေနဲ့ အမေကို ဘယ်လိုလို့ လုပ်ရက်တာလဲ။ ပြောစရာ စကားမရှိတော့ဘူး ။ ဟိုရက်ကလည်း ကလေး၄ယောက် ။ မင်းတို့ကလေးတွေ သားသမီးတွေ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံရပါစေနဲ့” ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။