ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပျူစောထီးတွေဟာ ကရင်နီပြည် ရှေ့တန်း စစ်မျက်နှာ ပို့မယ်ဆိုတဲ့ သတင်းကြောင့် ကြောက်ရွှံ့ပြီး လက်နက် ပြန်အပ်တာတွေ၊ ရှေ့တန်းမှာ ထွက်ပြေးတာတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယနဲ့ ရွာငံမြို့နယ် အတွင်းက အသက်ပြည့်ပြီး ယုံကြည်စိတ်ချရတဲ့ ရွာသားတွေကို ပျူစောထီး သင်တန်းတက်ဖို့ လူစုဆောင်းလေ့ ရှိတယ်လို့ ဆိုပါတယ်။
“ကယား(ကရင်နီ) ဘက် ထွက်ရမယ်ဆိုလည်း မထွက်ရဲ၊ လိုက်ထွက်တဲ့သူလည်း ရှေ့တန်းကနေ ပြေးကြတယ်။ ၄ လပိုင်းတုန်းက နောင်ချို တိုက်ပွဲမှာလည်း ပင်းတယ၊ ရွာငံက ပျူတွေပါလာတယ်။ ပြီးရင် ရှေ့တန်းကနေ ပြေးကြတာပဲ။ အခု DPLF (ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး) ကြေညာတော့ လက်နက်ပြန်အပ်တဲ့ ပျူတွေ ပိုများလာတယ်” လို့ ပင်းတယ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပျူသင်တန်းတက်ပါက သင်တန်းကာလ အတွင်း တစ်လ လစာ ၅ သိန်းပေးပြီး သင်တန်းဆင်းပြီးနောက် တာဝန် ထမ်းဆောင်ချိန်မှာ တစ်လ ၇ သိန်းပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေး ခေါ်ခဲ့ပေမယ့် လက်တွေ့မှာ တစ်လ တစ်သိန်းပဲ ပေးတယ်လို့ သိရပါတယ်။
ပျူစောထီးသင်တန်းဟာ ရက်တိုတောင်းပြီး တစ်လပင် မကြာတာကြောင့် ရှေ့တန်းမထွက်ရဲကြဘဲ အကြောင်းအမျိုးမျိုးပြပြီး လက်နက်ပြန်အပ်သူ၊ ရှေ့တန်းမှ ထွက်ပြေးသူတွေလည်း ရှိနေပြီး ပြန်ဖမ်းမိတာ နည်းပါးတယ်လို့ သိရပါတယ်။
ပြန်ဖမ်းမိသူတွေကို အင်အားလျော့သွားမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီက အရေးမယူဘဲ နောက်ထပ် ထွက်မပြေးဖို့သာ ခြိမ်းခြောက် အကြပ်ကိုင်ပြီး တာဝန်ပြန်ထမ်းခိုင်းတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိ ဓနုဒေသမှာ စစ်တပ်က လုံခြုံရေး တင်းကြပ်ထားသလို ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး တည်ထောင်ကြောင်း ကြေညာအပြီး ကြောက်လန့်ပြီး လက်နက်ပြန်အပ်တဲ့ ပျူစောထီးတွေ ၃ ရက်အတွင်း အယောက် ၂၀ မက ရှိနေတယ်လို့ သိရပါတယ်။
“နဂိုတည်းကလည်း ကြောက်နေပြီးသား။ သင်တန်းလည်း ကြောက်ကြောက်နဲ့ တက်ကြရတာ။ တချို့လည်း စကစ ပေးတဲ့ လက်နက်ကိုင်ပြီးမှ သဘောတွေ့နေကြတာလည်း ရှိပေမယ့်ပေါ့။ အခု ဓနုအာမီ ပေါ်လာတော့ ပိုကြောက်နေကြတာ။ အရင်က ဓနုလူမျိုးစု လက်နက်ကိုင် မရှိခဲ့လို့လို့ ထင်တာပဲ။ ပျူစောထီးတွေ မပြောနဲ့ သူတို့ မိသားစုတွေတောင် လူတောမတိုးရဲကြတော့ဘူး။၊ ပွဲလမ်းသဘင်တွေတောင် သိပ်မထွက်ရဲကြတော့ဘူး” လို့ ဓနုဒေသအတွင်း တော်လှန်ရေး လုပ်နေသူ တစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ် အတွင်းက ပင်းတယမြို့မှာ မိုးကုတ်ဝိပဿနာ တရားစခန်းထဲမှာ ပျူစောထီးသင်တန်း ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သတင်းပေါက်ကြားခဲ့တာကြောင့် ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။
ဒါ့အပြင် ရွာငံမြို့နယ်အတွက် သင်တန်းကိုတော့ ပျူစောထီးရွာအဖြစ် နာမည်ကြီးတဲ့ မြင်းကျဒိုးရွာ အနီးမှာ ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။