ကရင်နီပြည်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ်-၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့ပြုလုပ်ခဲ့တယ်လို့ KNDF ရဲ့ The Hunter page က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲမှာ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ ရဲဘော်သစ် အင်အားပေါင်းများစွာနဲ့ မုဆိုးသစ်ပေါင်းများစွာ စစ်သင်တန်းဆင်းခဲ့တာပါ။ ရှေ့တန်း စစ်မျက်နှာပြင်မှာ လက်ရှိ တပ်ရင်း တပ်ဖွဲ့ပေါင်းစုံတို့မှ ရဲဘော်တွေက မြေပြင်တိုက်ပွဲ ဝင်နေကြတဲ့ အချိန်မှာ နောက်တန်းမှ ရဲဘော်သစ်တွေကလဲ တိုက်ပွဲဝင်ရန်အတွက် ခွန်အားအပြည့်နဲ့ အဆင်သင့်ဖြစ်နေကြပြီလို့ သိရပါတယ်။
သင်တန်းဆင်း ရဲဘော်သစ်များက စနစ်တကျ စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ မုဆိုးများဖြစ်ပြီး ဒီမုဆိုးတွေနဲ့အတူ နောက်ထပ် ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေကို ဆင်နွှဲကြမှာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ထောင်အတွင်းက ပြစ်ဒဏ်ကျခံနေတဲ့ ခိုးမှုလုယက်မှု တရားခံတွေနဲ့ တပ်ပြေးတွေကို ပြန်လည်ခေါ်ယူပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို KNDF စစ်ဗျူဟာ-၂ ၏ဗျူဟာမှူး၊ KNDF ဗဟိုကော်မတီဝင်၊ KNDF BO-2 မှ တပ်ရင်းမှူးများ၊ တပ်ခွဲအသီးသီးမှတပ်ခွဲမှူးများနဲ့ တာဝန်ရှိသူများမှ တက်ရောက် ဂုဏ်ပြုပေးခဲ့ကြတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။