ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။
“အခုလတ်တလောမှာ ငှက်ဖျားဖြစ်တဲ့သူတွေကတော့ နည်းတယ်ပေါ့။ဘာလို့ဆို မိုးတွင်းမှာ ငှက်ဖျားဖြစ်တာများတယ်ဆိုတော့လေ။ပြီးခဲ့တဲ့မိုးတွင်းတုန်းက ဦးနှောက်ငှက်ဖျားပိုးတွေ ပါတွေ့တယ်။ ငှက်ဖျားနဲ့ပတ်သတ်တဲ့ဆေးဝါးတွေ၊ ငှက်ဖျားပိုးစစ်တဲ့ Test kit တွေနဲ့ လိုက်စစ်ပေးနိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေကလည်း အင်အားနည်းတော့ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာပေါ့နော်။ လာမယ့်မိုးရာသီမှာတော့ ငှက်ဖျားတွေက ထပ်ဖြစ်ကြလိမ့်မယ်။တချို့နေရာတွေ ဒုက္ခရောက်လိမ့်မယ်လို့ ယူဆတယ်။ အယ့်တော့ ခုကတည်းက ငှက်ဖျားဆေးတွေစုဆောင်းထားသင့်တယ်။ လုံလောက်မှုမရှိပေမယ့် တတ်နိုင် သလောက်တော့ ဖြည့်နေတယ်။ ရှာဖွေနေကြတုန်းပဲ” လို့ ဒေါက်တာချစ် က ပြောပါတယ်။
ပြီးခဲ့တဲ့မိုးတွင်းကာလတုန်းက ကရင်နီပြည်နယ်ထဲက မြို့နယ်နှစ်ခုမှာ ငှက်ဖျားဖြစ်ပွားတဲ့ ပြည်သူတွေဟာ တလကို အယောက် ၃၀ လောက်ထိရှိနေပြီး လက်လှမ်းမမှီတဲ့နေရာတွေမှာလည်း အများကြီးရှိနေသေးတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေများတဲ့အတွက် မိုးရာသီကာလမှာ ငှက်ဖျားရောဂါနဲ့ပတ်သတ်တဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းပေးကြဖို့ကိုလည်း စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ဆေးပေးခန်းတွေနဲ့ IEC က တာဝန်ရှိသူတွေကို လည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ငှက်ဖျားရောဂါက ပျံ့နှံ့သွားရင် ထိန်းချုပ်ဖို့အတွက် ခက်ခဲပြီး ထိန်းချုပ်ဖို့အတွက် ကြိုးစားနေပေမယ့် အင်အားမကောင်းသေးဘဲ တတ်နိုင်သလောက်နဲ့သာ ဆေးဝါးတွေ၊ စစ်ဖို့ test kit တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို နည်းလမ်းတွေ ချမှတ်ပေးဖို့ ပြင်ဆင်နေတာတွေတော့ရှိတယ်လို့ သိရပါတယ်။