ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တည်ဆောက်နေဆဲ စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လတ်တလော တည်ဆောက်နေဆဲ စစ်ဘေးရှောင် စာသင်ကျောင်းတွေက ကလေးသူငယ်တွေဟာ ဒေသတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူတွေဖြစ်ပြီး ယခု တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့ အချိန်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းကို ပြန်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“တစ်ကျပ်၊ တစ်ပြား ဘယ်လောက်ဘဲ ဖြစ်ဖြစ်ပေါ့ ပါဝင်ပြီးတော့ ကလေးတွေရဲ့ အနာဂတ် ပညာရေး စနစ်ကို အားဖြည့်ပေးကြပါလို့ အကူအညီတောင်းပါတယ်၊ ကျောင်းတွေက စေတနာ့ဝန်ထမ်းနဲ့ CDM ဝန်ထမ်းတွေအတွက်လဲ ထောက်ပံ့ကြေးအကူအညီ လိုအပ်နေတယ်” Karenni Support Team (KNST)ရဲ့ ပြန်ကြားတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စေတနာ့ဝန်ထမ်းတွေအတွက် လစာပေးနိုင်ခြင်းမရှိပေမယ့် ကျေးရွာတွေက တစ်အိမ်ထောင်(၁၀၀၀)ကျပ်နဲ့ လစဉ်ထောက်ပံ့မှုတွေကို အချိုးကျ ပြန်လည်ခွဲဝေပေးတာတွေရှိပေမယ့် လောက်ငှမှုမရှိဘဲ ဒေသတွင်း ရေရှားပါးမှု ပြဿနာလည်း ကြုံနေရတာကြောင့် ရေကားနဲ့ မော်တာအတွက် စက်သုံးဆီ ကုန်ကျစရိတ်၊ ရေသိုလှောင်ကန်အတွက် ကုန်ကျစရိတ် စတဲ့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ ၂၀၂၄ ခုနှစ်ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကရင်နီပြည်မှာ စစ်ဘေးရှောင် စာသင်ကျောင်း (၂၃)ကျောင်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ၂၀၂၄ ဧပြီလအတွင်းမှာပဲ တစ်ကျောင်း ပါဝင်ခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF)ရဲ့ မနေ့ (မေ ၁)က ထုတ်ပြန်ချက်အရ သိရပါတယ်။