ကရင်နီပြည်နယ်တွင်းက စစ်ရှောင် ပြည်သူတွေ အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ပြုလုပ်တဲ့ “မလုံဝမ်းစာ ဖြည့်ပေးပါ” ကမ်ပိန်းမှာ လူထုပါဝင်မှု အားနည်းနေတယ်လို့ Freelancevolunteermyanmar က ပြောပါတယ်။
ကမ်ပိန်း ကာလ အနေနဲ့ ဇွန်လ ၂၆ ရက်ကနေ ဇူလိုင် ၇ ရက်နေ့ အထိ သတ်မှတ်ထားပြီး ကမ်ပိန်း ကာလ ပြည့်ဖို့ ၃ ရက်သာ လိုတော့တဲ့ လက်ရှိအချိန်ထိ ၂၀ ရာခိုင်နှုန်းကျော်သာ ရရှိသေးတယ်လို့ သိရပါတယ်။
“ဝမ်းစာ” ကမ်ပိန်းကို Kpay၊ Wave Pay၊ NUG pay၊ Pay now နဲ့ Crypto တို့အပြင် အခြား ငွေပေးချေတဲ့ စနစ်တွေနဲ့လည်း Freelancevolunteermyanmar ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပါဝင်နိုင်တယ်လို့ FMV ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။
လက်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ရှားတော၊ မယ်စဲ့၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေရာ ပြည်နယ် တစ်ဝှမ်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ၂ သိန်းကျော်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မေလကစပြီး စစ်ကောင်စီတပ်ဟာ နယ်မြေခံ တပ်ရင်းတွေ အပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ (၇)နဲ့ တပ်မ (၁၀၁) အစရှိတဲ့ တပ်မ ၅ ခု အသုံးပြုပြီး ကရင်နီပြည်နယ်တွင်း စစ်ကြောင်းထိုး တိုက်ခိုက် နေတာပါ။
အခုလို စစ်ဘေးရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ စစ်ရှောင် ပြည်သူတွေ အတွက် စားဝတ်နေရေး အခက်အခဲတွေ ပိုများလာသလို စစ်ရှောင်တွေ အတွက် ကမ်ပိန်းတွေမှာ လူထုပါဝင်မှုနှုန်းတွေ လျော့နည်းလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။