ကရင်နီပြည်နယ်၊ KNDF စစ်ဗျူဟာအမှတ် (၁) က ပြုလုပ်နေတဲ့ ‘ကရင်နီအိပ်မက် မောင်း ၁၀၀’ ပရောဂျက် ပြီးဆုံးဖို့ ၂ ရက်အလိုမှာ သတ်မှတ် ပမာဏပြည့်ဖို့ ၅၀ ရာခိုင်နှုန်းကျော် လိုအပ်နေသေးတယ်လို့ သိရပါတယ်။
မောင်း ၁၀၀ ကမ်ပိန်းကို ဇူလိုင်လ ၈ ရက်နေ့က စတင်ပြီး ဩဂုတ် ၈ ရက်နေ့ ပြီးဆုံးဖို့ သတ်မှတ်ခဲ့ပေမယ့် သတ်မှတ် ပမာဏ မပြည့်မီတာကြောင့် ဩဂုတ်လ ၃၁ ရက်နေ့အထိ ကမ်ပိန်းကာလ တိုးမြှင့်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ ဩဂုတ်လ ၃၀ ရက်နေ့အထိ ကမ်ပိန်း ပမာဏ ၄၅ ဒဿမ ၁ ရာခိုင်နှုန်းသာ ရသေးတယ်လို့ သိရပါတယ်။
“ကမ်ပိန်းတွေလည်းများပြီး ပြည်သူတွေလည်း ကြပ်တည်းတဲ့ ကာလ ရောက်နေလို့ အခု ကမ်ပိန်း ရလဒ်အပေါ် မကောင်းတဲ့ ခံစားချက်တွေ မရှိပါဘူး။ အားလုံးလည်း အဆင်ပြေလို့ ကူနေကြတာ မဟုတ်မှန်း သိပါတယ်။ အဲ့လို ကြပ်တည်းတဲ့ ကာလမှာတောင် ထောက်ပို့ ကူညီကြတဲ့ ပြည်သူ့မေတ္တာတွေကို တန်ဖိုးထားတယ်။ လေးစားတယ်။ အဲ့လို အင်အားတွေ ပေးခဲ့လို့ပဲ ကာကွယ်ရေးတပ်သားတွေ တောင့်ခံနိုင်ကြတာ ဖြစ်တယ်” လို့ မောင်း ၁၀၀ ကမ်ပိန်းရဲ့ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ဆိုပါတယ်။
စစ်အာဏာရှင်ကို ၂၀၂၃ ခုနှစ်မှာ အဆုံးသတ် တိုက်ထုတ်နိုင်ဖို့ အတွက်နဲ့ ကရင်နီ အိပ်မက်ကို စစ်ရေးအရ အကောင်ထည် ဖော်နိုင်ဖို့ ပြည်သူအားလုံးရဲ့ ပံ့ပိုးမှုတွေ လိုအပ်နေပြီး အထူးသဖြင့် ပြည်ပမှာ ရောက်နေသူတွေ ထောက်ပို့ဖို့ အတွက် ပိုပြီးတွန်းအားပေးချင်တယ်လို့ သူကဆက်ပြောပါတယ်။
မောင်း ၁၀၀ ကမ်ပိန်းကို မြန်မာငွေ ၁၀,၀၀၀ ကျပ်နဲ့ NUG pay ကနေ ပါဝင်နိုင်မှာဖြစ်ပြီး မြန်မာ အပြင် ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ ဩစတြေးလျ၊ အမေရိက၊ တောင်ကိုရီးယား၊ အိန္ဒိယနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ကိုယ်စားလှယ်တွေကနေလည်း ပါဝင်လို့ရတယ်လို့ သိရပါတယ်။