ကရင်နီ ပြည်သူတွေရဲ့ အကျိုးတစ်ခုတည်းကို ကိုယ်စားပြု တော်လှန်တာ မဟုတ်ဘဲ တနိုင်ငံလုံး အာာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဖက်ဒရယ် ပြည်ထောင်စုအ သစ်မှာ ကိုယ်ပိုင် ပြဌာန်းခွင့် ကိုယ်စီနဲ့ တန်းတူညီမျှ ရှင်သန်းနိုင်ဖို့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့ ထုတ်ပြန် ကြေညာချက်မှာ KNPP က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာ ထပ်မံ သိမ်းယူပြီးတဲ့နောက် အာဏာရှင်စနစ်ကို တော်လှန်ဖို့ ပေါ်ပေါက်လာတဲ့ ကရင်နီ တော်လှန်ရေး အင်အားစုများ အပါအဝင် အခြား ဘဝတူ တိုင်းရင်းသား အင်အားစုများနဲ့ ထိရောက်စွာ ပူပေါင်းဆောင်ရွက်နေတယ်လို့ KNPP ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
မပြီးဆုံးသေးတဲ့ အမျိုးသား ခုခံတော်လှန်ရေးခရီးမှာ ကရင်နီပြည် တပ်မတော်ဟာ ကရင်နီ ပြည်သူများနဲ့အတူ လျှောက်လှမ်းနပြီး ကျူးကျော်လာတဲ့ အာဏာရှင် စစ်မိစ္ဆာများကို သတ္တိပြောင်မြောက်စွာ ခုခံတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလို တိုက်ခိုက်ရာမှာ အရွယ်အစားနဲ့ အင်အား သေးငယ်ပေမယ့် လက်သံပြောင်ပြောင် တိုက်ခိုက်တာကြောင့် ရန်သူတွေ အတုံးအရုန်း ရှုံးနိမ့်ပြီး ရန်သူတပ်ပျက်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းလှဘူးလို့ KNPP ကပြောပါတယ်။
ကရင်နီပြည် တပ်မတော်ကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းခါစက လွတ်လပ်သော ကရင်နီ ပြည်ထောင်စု တပ်မတော်-UKSIA အမည်နဲ့ ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကရင်နီပြည် တပ်မတော်-KA လို့ ပြောင်းလဲ ခဲ့ပါတယ်။
ကရင်နီ ခုခံတော်လှန်ရေး နှစ်ဦးပိုင်းမှာ လွိုင်ကော်၊ မော်ချီး၊ ဖယ်ခုံ စတဲ့ မြို့တွေကို သိမ်းယူနိုင်ခဲ့ပေမယ့် အင်အား မမျှတာကြောင့် နောက်ပိုင်းမှာ ပြန်လည် လက်လွတ်ခဲ့ရပါတယ်။