ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ပြီး အစီရင်ခံစာအမြဲတင်ပြနေကာ ကော့ကရိတ်မြို့ကို တိုက်မည့် အစီအစဉ်ကို စစ်တပ်က ဖော်ထုတ် ဖမ်းယူ ရရှိခဲ့ကြောင်း စစ်တပ်အတွင်း တင်ပြသည့် အစီရင်ခံစာအရ သိရှိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၀၅ မိနစ်အချိန် စစ်တပ်က အမှတ် ၁၄၄၄၆ လှိုင်းမှ ဖမ်းယူရရှိသည့်သတင်းဟုဆိုကာ အထက်သို့ အစီရင်ခံ တင်ပြခဲ့ကြောင်း၊ အဆိုပါ တင်ပြမှုမှာ ကော့ကရိတ်မြို့ကို ဝင်တိုက်မည့်အစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ကြားဖြတ် ဖမ်းယူ ဖော်ထုတ်ခဲ့သော KNLA ၊ PDF များအကြား ကော့ကရိတ်မြို့ကို ဝင်တိုက်မည့် အစီအစဉ်မှာ အောက်ပါ အတိုင်းဖြစ်သည်ဟု အစီ ရင် ခံစာတွင် ရေးသားထားသည်။
“ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။ မြောက်ပိုင်းဘက်မှာလည်း အကုန်လုံးနေရာတွေအဆင်သင့်ယူထားပြီးကုန်ပြီ။ ကြာအင်းဆိပ်ကြီးဘက်မှာ သွားထားတဲ့လူတွေ ကော့ကရိတ်မှာ ပြန်လာကုန်ပြီ။ အခု ကော့ကရိတ်မြို့ကြီး ပတ်ပတ်လည်နားမှာ ငါတို့ တပ်ဖွဲ့ဝင်တွေနေရာ ယူထားတယ်။ စည်ပင်ရုံး၊ထွေအုပ်ရုံး၊ခရိုင်ရုံး အဲ့ဘက်မှာ တစ်ချို့ဝန်ထမ်းတွေက ရှောင်နေတဲ့သူကရှောင်နေပြီ။ အဲ့ဒီဘက်မှာ အခု တပ်တွေတော်တော်များများနေရာယူထားတယ်။ ဒီတစ်ခါဝင်ရင် ငါတို့တွေ ဆေးရုံကုန်းဘက်က ဝင်မှရမယ်” ဟု အစီရင်ခံစာတွင် ကြားဖြတ်ဖမ်းယူရရှိသည့်သတင်းအချက်အလက်များကို စစ်ကောင်စီထိပ်ပိုင်းသို့ ပေးပို့ရာတွင် အသေးစိတ်ဖော်ပြထားသည်။