ကရင်ပြည်နယ်ထဲက ပြည်သူလူထု အခြေပြုစာသင်ကျောင်းတစ်ကျောင်းကို “ကြားကာလ ပညာရေး ခိုင်မြဲရေး” အတွက် ဆရာ/မတွေနဲ့ကျောင်းသား/သူတွေအတွက် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီနဲ့ ကျောင်းသားများသမဂ္ဂတို့က ထောက်ပံ့ငွေ လစဥ်ကြေး ၄ သိန်းကျပ်ကို ပထမဆုံးအကြိမ်အနေနဲ့ ပေးအပ်ခဲ့တယ်လို့ ယာယီတက္ကသိုလ်ကောင်စီဘက်က သိရပါတယ်။
ကြားကာလပညာရေးလုပ်ငန်းစဥ်တွေရပ်တန့်မသွားဖို့နဲ့ ပြည်သူ့အခြေပြု ပညာရေးကျောင်းတွေ ဆက်လက်တည်မြဲရေးအတွက် သွားရောက်လှူဒါန်းခဲ့တာလို့ ရန်ကုန်တက္ကသိုလ် ယာယီ တက္ကသိုလ်ကောင်စီက ပြောရေးဆိုခွင့်ရှိသူ ကိုပြည်လုံးဇောင်းကြွက ပြောပါတယ်။
“ပညာရေးဆိုတာက ပညာသင်ယူလိုသူတွေအတွက် အမြဲတမ်းဖွင့်လှစ်ထားရမဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့ အင်မတန်လိုအပ်သလို ပညာသင်ယူတဲ့ကျောင်းသား၊ သူတွေအတွက်လည်း စိတ်လုံခြုံမှုရှိဖို့ တကယ်လိုအပ်တယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အနေနဲ့လည်း ကရင်ပြည်နယ်အတွင်းက ပညာရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လိုအပ်ချက်တွေကို ပူးတွဲမဟာမိတ်ဖြစ်တဲ့ ကျောင်းသား အသင်းတွေနဲ့အတူ အကောင်ထည်ဖော်ဆောင်ရွက်ပေးနေပါတယ်၊”
အဆိုပါထောက်ပံ့ငွေကို ပြည်သူ့အခြေပြုကျောင်းက တာဝန်ရှိသူ ဆရာမက လက်ခံရယူခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလထဲမှာ ကရင်ပြည်နယ်က ကျေးရွာတရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်အထက်တန်း ကျောင်းနဲ့ကျေးရွာစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စာပေချစ်မြတ်နိုးသူတွေနဲ့ MAEUSU LIBRARY တို့ပူးပေါင်းကာ စာကြည့်တိုက်အတွက် လိုအပ်လျက်ရှိတဲ့စာပေနဲ့ စာရေးကရိယာတွေကို လှူဒါန်းခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းကလည်းကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ကြားကာလ ပြည်သူ့အခြေပြုကျောင်းတွေအတွက် လိုအပ်နေတဲ့ ကျောင်းသုံးစာအုပ်တွေကိုလည်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။