ကရင်လူငယ်များမှ ဦးဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ၃ရက်ကြာကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုတာဝန်ရှိသူများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ အပါအဝင် စစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ဌာနချုပ်မူအေပူတွင် နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၁ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကောင်မတီဝင် ပဒိုအယ်ကလူစေး၊ ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒိုစောကလယ်စေး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုပိုပိုထူးအောင်၊ ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော် (K.N.L.A) ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေတို့ တက်ရောက်ခဲ့ကြောင်း KNU ကထုတ်ပြန်သည်။
ယင်းဆွေးနွေးပွဲသို့ KYO ကရင်လူငယ် အစည်းအရုံး အပါအဝင် ကရင်လူငယ် အဖွဲ့အစည်းပေါင်း (၁၄) ဖွဲ့မှာ လူငယ်ခေါင်းဆောင် (၈၅) ဦးတက်ရောက်ခဲ့ပြီး လူငယ်အဖွဲ့အစည်းအသီးသီးမှ လှုပ်ရှားဆောင်ရွက်မှုများကို တင်ပြခြင်း၊ (၁၀) နှစ်တာ ကရင်လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်အကြံပြုခြင်း၊ လက်ရှိနိုင်ငံရေး အခြေအနေအား သုံးသပ်ခြင်းပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။
ထို့ပြင် ရှေ့ဆက် ကရင်လူငယ်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် လုပ်ငန်းစဉ်များလည်း ချမှတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။