မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် စစ်တပ်က ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။
ယနေ့ (မေလ ၂၇ ရက်) နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ပြီးခဲ့သည့် ၂လခန့်က ဖမ်းဆီးခံရသော ကလေးတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှစ်လောင်းကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
“ကျောက်တံတားမှာ အဖမ်းခံရတာ။ ၁၈၊၁၉ တစ်ယောက်။ ၁၄၊၁၅ တစ်ယောက်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လူငယ်နှစ်ဦးအား စစ်ကောင်စီက PDF များဟု ဝါဒဖြန့်နေသည်။
ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကလည်း ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းများ၌ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ထားသည့် ရုပ်အလောင်းများ မျောပါလာဖူးကြောင်း ဒေသခံများက ပြောသည်။
ပုသိမ်ကြီးမြို့နယ်သည် စစ်ရေးပြင်းထန်နေသည့် မတ္တရာမြို့နယ်နှင့်ကပ်လျက်တည်ရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။