စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကျေးရွာတွေထဲ စစ်အုပ်စုက ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ လက်နက်ကြီး ကျည်တွေကို ချင်းအမျိုးသား ကာကွယ်ရေးတပ် – CNDF ရဲဘော်တွေက လိုက်လံ ရှင်းလင်း ပေးခဲ့တယ်လို့ CNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ပြည်သူကို ပစ်မှတ်ထားပြီး ကလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ကလေးနယ် ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ရမ်းကားပစ်ခတ် သောင်းကျန်းနေတာ ဖြစ်ပြီး တချို့သော လက်နက်ကြီးတွေဟာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက ပစ်ခတ်ခဲ့ပြီး ကလေးမြို့နယ် ကျေးရွာတစ်ရွာက နေအိမ်ထဲ ကျရောက်ကာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ (၁၂၀မမ) လက်နက်ကြီးကို CNO/CNDF ရဲဘော်တွေက သွားရောက် တူးဖော်ကာ လုံခြုံတဲ့ တစ်နေရာမှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ CNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာက ကလေးမြို့နယ်အတွင်းရှိ စစ်အုပ်စု စခန်းတချို့ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ထုလို့ နို၀င်ဘာ(၂၁) ကနေ ဒီဇင်ဘာ(၅)ရက်အထိ (၁၅)ရက်တာအတွင်း အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအ၀င် ကလေးနယ်က ဒေသခံပြည်သူ ခုနှစ်ဦး သေဆုံးကာ (၁၅)ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။