စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဒေသခံလူငယ်နှစ်ဦးကို စစ်အုပ်စုက နေအိမ်ထဲဝင် ဖမ်းဆီးပြီး လူမှုကွန်ယက်မှာ မမှန်သတင်း ဖြန့်ဝေတယ်လို့ စွပ်စွဲကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၅)ကနဲ့ တရားစွဲပြီးနောက် ဇူလိုင်(၆)ရက်မှာ ထောင်ဒဏ် နှစ်နှစ်စီ ချလိုက်တယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခံရသူ နှစ်ဦးဟာ ကလေးမြို့ ညောင်ပင်သာရပ်ကွက်နေ အသက် (၃၀)ကျော်အရွယ် ကိုဝင်းကိုနဲ့ ပင်လုံရပ်ကွက်နေ အသက်(၃၀)ကျော်အရွယ် ကိုစည်သူနောင်တို့ ဖြစ်ပြီး သူတို့နှစ်ယောက်ကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်အုပ်စုက စစ်ကားသုံးစီးနဲ့ နေအိမ်ထဲ ဝင်ရောက်ပြီး ထိုးကြိတ်၊ ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“သူတို့ကို ဖမ်းထားတာက မြို့နယ်ရဲစခန်းမှာ ထားတာ။ ဘူတာကြီး အနောက်က တရားရုံးမှာကြာသပတေးနေ့က ခေါ်စစ်တယ်။ ၅၀၅(က)နဲ့ ထောင် နှစ်နှစ်ချခံရတယ်” လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးဟာ တစ်ဦးက ကုန်စုံဆိုင်လုပ်ငန်းလုပ်ကိုင်ပြီး နောက်တစ်ဦးက ပုဂ္ဂလိက ဘဏ်ဝန်ထမ်းဖြစ်ကြောင်း၊ စစ်အုပ်စုက အဲ့ဒီ လူငယ်နှစ်ဦးကို နေအိမ်ထဲဝင် ဖမ်းဆီးကာ လူမှုကွန်ယက်မှာ မဟုတ်မမှန် သတင်းဖြန့်ဝေတာတွေ လုပ်တယ်လို့ စွပ်စွဲတရာစွဲပြီး စစ်အုပ်စုရဲ့ ကလေးခရိုင်တရားရုံးကနေ ထောင်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့မှာ စစ်အုပ်စုက ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ကာ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်နေပြီး လက်ရှိမှာလည်း ကလေးဝလမ်း၊ နတ်ချောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကားကြီးဝန်း၊ တာဟန်းရပ်ကွက်တွေမှာ လမ်းပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေ့စဉ်မျတ်တမ်းပြုစု ဖော်ပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(AAPP)ရဲ့ ဇူလိုင်(၇)ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ယခု ၂၀၂၃ ဇူလိုင်(၇)ရက်အထိ စစ်အုပ်စုက အကြမ်းဖက်သတ်ဖြတ်လို့ သေဆုံးသူ (၃၇၅၀)ကျော်နဲ့ စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံရသူ (၂၇၃၅၀)ကျော် ရှိတယ်လို့ ဆိုပါတယ်။