စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် ဇန်နဝါရီ ၁၈ ရက်ညက စစ်ကောင်စီတပ်သားများက ပစ်ခတ်၍ ၇နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
ကလေးမြို့၊တာဟန်းရပ်ကွက်အနီးတွင် ဖခင်နှင့်အတူ ဆိုင်တွဲစီးအိမ်ပြန်လာသည့် ချင်းတိုင်းရင်းသူ မလွန်ရှန်ကျိမ်းမှာ ဇန်နဝါရီ ၁၈ ရက်ည ၇နာရီခန့်က စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်သဖြင့် ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
“ညဘက်မှောင်စပျိုးတဲ့အချိန်မှာသားအဖနှစ်ယောက်အိမ်ပြန်လာကို စစ်သားတွေက လှမ်းပစ်လိုက်တာ ကလေးက ရင်ဘတ်ကို ထုတ်ခြင်းပေါက်ပြီး မှန်သွားတယ်။ ဆေးရုံသွားတော့ အသက်မမှီတော့ဘူး”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
မလွန်ရှန်ကျိမ်းကို ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ်မှာ ကလေးမြို့၊ ဘူတာရုံရပ်ကွက်ရှိ စစ်ကောင်စီဂိတ်စခန်းဖြစ်သည်ဟုလည်း အခြားဒေသခံတစ်ဦးကပြောသည်။
ကလေးမြို့တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုများပြားလာကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် PDFများ၏တိုက်ခိုက်မှုကြောင့် အထိနာသဖြင့်
အရပ်သားပြည်သူများအပေါ်အညှိုးတကြီး တုန့်ပြန့်တတ်ကြောင်း ကလေးမြို့ခံ PDF များကပြောသည်။