စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကြားကာလကျောင်းပေါင်း ၁၀၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်တယ်လို့ မြို့နယ်ပညာရေး တာဝန်ခံက ပြောပါတယ်။
အဲဒီ ကြားကာလကျောင်းပေါင်း ၁၀၀ ဝန်းကျင်မှာ ဆရာ၊ ဆရာမဦးရေ ၈၀၀ ကျော်၊ ကျောင်းသား ကျောင်းသူ ၁၇,၀၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်ပညာရေးတာဝန်ခံက “CDM ဆရာ၊ ဆရာမတွေ၊ Volunteer တွေနဲ့ ကျောင်းတွေကို လည်ပတ်နေတယ်။ တချို့နေရာတွေမှာကျတော့ ကျောင်းတွေ ဖွင့်နိုင်တယ်။ တချို့နေရာတွေကျတော့လည်း ရပ်ရွာထဲက အိမ်လေးတွေမှာ စုသင်ရတဲ့ အနေအထားတွေနဲ့ လည်ပတ်နေတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ်မှာ ကြားကာလကျောင်းတွေကို အာဏာသိမ်းပြီး တနှစ်အကြာ ၂၀၂၂ ခုနှစ်က စတင် အကောင်အထည်ဖော်ခဲ့ပြီး အဲဒီတုန်းက အလယ်တန်းအဆင့်ထိပဲ ဖွင့်နိုင်ခဲ့ပြီး ၂၀၂၃ ပညာသင်နှစ်မှာတော့ အထက်တန်းအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့နယ်က ကြားကာလ ကျောင်းမှာ သင်ကြားနေတဲ့ CDM ကျောင်းဆရာတယောက်က “အဓိက ကတော့ ကလေးတွေရဲ့ အသက်က ရပ်တန့်ထားလို့ မရဘူးလေ။ တော်လှန်ရေးလုပ်နေတဲ့ အတွင်းမှာ ကလေးတွေရဲ့ ပညာရေးကလည်း တော်လှန်ရေးတရပ်လိုပဲ အရေးကြီးတာကြောင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်စေချင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ကလေးမြို့နယ်မှာ စာသင်ကျောင်းတွေမဖွင့်နိုင်ဘဲ မြို့ပေါ်မှာလည်း စာသင်ကျောင်းတချို့ပဲ ဖွင့်ထားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။