စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးမြို့နဲ့ ခြောက်မိုင်လောက်အကွာက နဂါးပွက်ကျေးရွာထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး လေးနှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” နဂါးပွက်မှာက တခြားရွာက စစ်ရှောင်တွေလည်း ရှိတယ်၊ သေတာက ရွာခံမိသားစုထဲကပါ၊ ပွဲချင်းပြီး သေဆုံးသွားတာပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက် လေးနာရီဝန်းကျင်ကတည်းက ကလေးမြို့နယ် တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ဆယ်ချက်ကျော် ပစ်ခတ်ခဲ့တာကြောင့် နဂါးပွက်ကျေးရွာက ကလေးငယ်တဦး ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
” မနက်အစောကြီး လက်နက်ကြီးနဲ့ ပစ်သံတွေက လန့်တောင်နိုးတယ်၊ တမြို့လုံး လန့်နိုးမတတ်ပါပဲ၊ လက်နက်ကြီး ပစ်လို့ သေဆုံးမှုက ခုရက်ပိုင်းမှာ များနေပြီ ” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဇွန်လ ၁၈ ရက်ကနေ ဒီနေ့အထိ တပတ်အတွင်း ကလေးမြို့နယ် တောင်ပိုင်းက ထိုမာ၊ သာစည်၊ စံသာ၊ နဂါးပွက် စတဲ့ကျေးရွာတွေက ဒေသခံလေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဇွန်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးမြို့နယ်မှာ ဒေသခံ ခြောက်ဦး သေဆုံးခဲ့သလို လေကြောင်းပစ်ခတ်မှုကြောင့်လည်း တဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီသေဆုံးသူတွေထဲက သုံးဦးဟာ ဆယ်နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အခုလ တလတည်းအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ သုံးဆယ်ဝန်းကျင် ဒဏ်ရာရခဲ့ကြပြီး အဲ့ဒီအထဲမှာ ကလေးသူငယ် ငါးဦးထက်မနည်း ပါဝင်တယ်လို့ ဖြစ်စဉ်မှတ်တမ်းတွေအရ သိရပါတယ်။
အာဏာသိမ်းပြီးနောက် လူထုသပိတ်လှုပ်ရှားမှုတွေကို ပစ်ခတ်ဖြိုခွဲမှုတွေ စတင်လုပ်ဆောင်ခဲ့ချိန်ကတည်းက ကလေးငယ်တွေပါ ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူဦးရေ တိုးလာသလို သေဆုံးတဲ့ ကလေးငယ်အရေအတွက်လည်း မြင့်တက်လာနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့အချက်အလက်တွေအရ ဒီကနေ့ အထိ စစ်ကောင်စီ တပ်သားတွေလက်ချက်နဲ့ သေဆုံးတဲ့ ပြည်သူ ၃၇၀၀ နီးပါးအထိ ရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူတွေထဲမှာ ၁၈ နှစ်အောက် ကလေးသူငယ် စုစုပေါင်း ၂၈၀ နီးပါးအထိ ပါဝင်တယ်လို့ သိရပါတယ်။